သီးခြား ကချင်နိုင်ငံတည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်

သီးခြား ကချင်နိုင်ငံတည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ  သီးခြားလွတ်လပ်သော ကချင်နိုင်ငံတော်တည် ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ကို UK နိုင်ငံတွင်ကျင်းပသည့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization - KNO) ဗဟိုလူကြီးများ၏ အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“KNO ရည်ရွယ်ချက် ပန်းတိုင်ကို ကျနော်တို့ လက်တွေ့လုပ်ဆောင်လာချိန် တခါတလေစိတ်ကူးထားတာနဲ့ လွဲတာရှိတယ်။ အဲဒါကြောင့် မလွဲဖို့အတွက် အမြဲတမ်းသတိရစေဖို့ ဆွေးနွေးတယ်။ ဆုံးဖြတ်တယ်။ ပြီးတော့ သဘောထား ထုတ်ပြန်တာဖြစ်တယ်” ဟု KNO အထွေထွေအတွင်းရေးမှူး ဒူဝါ မခေါခွန်ဆာက  KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းကြေညာချက်တွင် ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အချုပ်အချာအာဏာနှင့်ပြည့်စုံသော သီးခြားလွတ် လပ်သောနိုင်ငံတည်ထောင်ပြီး ထိုနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသွားမည်ဟု ဆိုထားသည်။

သို့သော် ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်နှင့် မြန်မာ တိုင်းရင်းသားများ အားလုံးပါဝင်ပြီး စစ်မှန်သောဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်သွားမည်ဆိုပါက KNO အနေဖြင့် ပါ၀င်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မေလ ၂၈ ယမန်နေ့ မြန်မာအစိုးရနှင့် KIO ကြား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမ ဆောင်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေချိန် KNO ဗဟိုအစည်းအဝေးမှ ယခုလို ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

KNO နှင့် KIO သည် “ကချင်အမျိုးသားလွတ်မြောက်ရေး” အတွက် အတူပူးပေါင်းရန် ၂၀၁၁ ဇန်နဝါရီ ၂၂ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

Most read this week