ရဲဓါးပြနှစ်ဦးအား ဖမ်းဆီးလက်ထိပ်ခတ်သော ရွာလူကြီးကို ၀ုိင်းမော်ရဲမှူးကပြန်လည် ခြိမ်းခြောက်

ရဲဓါးပြနှစ်ဦးအား ဖမ်းဆီးလက်ထိပ်ခတ်သော ရွာလူကြီးကို ၀ုိင်းမော်ရဲမှူးကပြန်လည် ခြိမ်းခြောက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ မုတ်ကြိတ်ကျေးရွာတွင် ဓါးပြတိုက်သော အစိုးရ ရဲနှစ်ဦးကို ဖမ်းဆီးလက်ထိပ် ခတ်ပြီး ၀ိုင်းမော်ရဲစခန်းသို့ အပ်နှံပေးခဲ့သော ရွာလူကြီးအား ပြန်လည်တရားစွဲမည်ဟု ရဲမှူးကြီးက  ခြိမ်းခြောက်လိုက်ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့က မုတ်ကြိတ်ကျေးရွာ ဒေါ်နုတ်မျှော်တို့အိမ်တွင် ဓါးပြလာတိုက်သော မြစ်ကြီးနားမြို့ အမှတ် (၃၃) ရဲစခန်းမှ ဦးအောင်အောင်နှင့် ဦးမိုးလွင်ဦးအား ဒေသခံရွာသား ၄ ဦးက ဖမ်းဆီးကာ ၄င်းတို့၏ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းခေါထံအပ်ခဲ့သည်။ ဦးယိန်းခေါက ၄င်းဓါးပြအား ၀ိုင်းမော်မြို့ရဲစခန်းသို့ သွားအပ်နှံခဲ့ရာမှ ထိုသို့ခြိ်မ်းခြောက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မုတ်ကြိတ်အုပ်ချုပ်ရေးမှူးက ထိုသို့အပ်နှံခဲ့ပြီး ၎င်းကိစ္စနှင့် ၀ိုင်းမော်ရဲစခန်းသို့ ရုံးချိန်းသွားခဲ့ရာ ၀ိုင်းမော်ရဲမှူးချုပ်က ၄င်းအား -  ရဲကို လက်ထိပ်ခတ်တာ တရားစွဲနိုင်တယ်- ဟု  ပြန်လည်ခြိမ်းခြောက်ပြော ဆိုခဲ့သည်ဟု အမည်မဖော်လိုသူ မုတ်ကြိတ်ဒေသခံတစ်ဦးကပြောသည်။

“ရွာလူကြီးက ရဲစခန်းကိုသွားတော့ ရဲတွေကိုင်တဲ့လက်ထိပ်  ဘာဖြစ်လို့ ရဲကိုပြန်ခတ်သလဲ။ ခင်ဗျားကိုဖမ်းလို့ ရတယ် ဆိုပြီး အုပ်ချုပ်ရေးမှူးယိန်းခေါကို ပြန်ခြောက်လိုက်တာတဲ့။”

ထိုမုတ်ကြိတ်ကျေးရွာသို့ ဓါးပြလာတိုက်သော ရဲနှစ်ဦးသည် ၎င်းရွာတွင် တနင်္ဂနွေနေ့တိုင်း ကျေးရွာသားများအား သွားရောက်လက်ထိပ်ခတ်ခြိမ်းခြောက်ကာ  ငွေများ ဓါးပြတိုက်ယူသည်မှာ ၁၁ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့ ဓါးပြတိုက် ယူဆောင်သွားသော ရွှေလက်စွပ်၊ ဆွဲကြိုးနှင့် ငွေသားများပေါင်းလိုက်လျင် ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိကြောင်း အထက်ပါဒေသခံကပြောသည်။

“တနင်္ဂနွေနေ့တိုင်း ဓါးပြလာတိုက်တာဟုတ်တယ်။ ရွာကလူတွေလဲ အစက ကြောက်လို့ ဘယ်သူမှ မပြောရဲပဲ နေတာ။ အဲဒီနေ့က ဒေါ်နုတ်မျှော်ရဲ့အိမ်မှာ ရဲ ၂ ယောက် ၀င်လာတဲ့အချိန် အိမ်ဘေးနားကလူက ခိုးထွက်သွားပြီး ရွာကလူတွေကိုသွားခေါ်တယ်တဲ့။ ရွာကလူ ၄ ယောက်ဝင်လာတော့ ဒေါ်နုတ်မျှော်ကို အကျီချွတ်ပေးပြီး။ ငွေထုတ်ခိုင်းနေတာတဲ့။ အဲဒီမှာ ရွာလူတွေ ဖမ်းလိုက်တာ ။”

၎င်းဓါးပြအဖွဲ့သည် ရုံးရောက်စစ်ဆေးသည့်အချိန် ရ ဦးဖြစ်နေကြောင်း ရ ဦးလုံးအား ရဲကဖမ်းဆီးထားကြောင်း သိရသည်။

“ဓါးပြတိုက်တဲ့နေ့က ၂ ယောက်ကိုတော့ အိမ်ဘေးနားမှာတွေ့တယ်တဲ့ ဒါပေမဲ့  မေးကြည့်တော့ ဧည်သည်တွေပါဆိုလို့ ရွာသားတွေက လွှတ်ပေးလိုက်တာ ။ ၃ ယောက်က တောလမ်းမှာစောင့်နေတာတဲ့။ ရုံးမှာစစ်တော့ အားလုံး ရဲတွေဖြစ်ပြီး အဲဒီထဲက တစ်ယောက်က ၂ ပွင့်ရဲ ” ဟု အထက်ပါဒေသခံကပြောသည်။

ယခုချိန် မုတ်ကြိတ်ကျေးရွာအုပ်ချုပ်ရေးမှူးယိန်းခေါကို ၀ိုင်းမော်ရဲစခန်းမှ ရဲကိုင်ဆောင်သော လက်ထိပ်နှင့် ရဲကို ပြန်လည်လက်ထိပ်ခတ်သည်ဟု တရားစွဲရန်ခြိမ်းခြောက်မှု များပြုလုပ် နေပြီး ကျေးရွာဒေသခံများ စိုးရိမ်နေရကြောင်း သိရသည်။

Most read this week