ချင်းမိုင်ရှိ အလုပ်သမားများ တောတွင်း ပုန်းအောင်းနေရ

ချင်းမိုင်ရှိ အလုပ်သမားများ တောတွင်း ပုန်းအောင်းနေရ
by -
နွယ်လေး
ချင်းမိုင်မြို့တွင် ထိုင်းအာဏာပိုင်များ နေ့စဉ်ဖမ်းဆီးနေမှုကြောင့် တရားမဝင် အလုပ်သမားများ တရာကျော် တောထဲသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ ယင်းအလုပ်သမားများမှာ ချင်းမိုင် ကန်ကနုတ် (၁) အလုပ်သမား တန်းလျားမှ အလုပ်သမားဖြစ်ပြီး ထွက်ပြေး ပုန်းရှောင် နေရ ...

ချင်းမိုင်မြို့တွင် ထိုင်းအာဏာပိုင်များ နေ့စဉ်ဖမ်းဆီးနေမှုကြောင့် တရားမဝင် အလုပ်သမားများ တရာကျော် တောထဲသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

ယင်းအလုပ်သမားများမှာ ချင်းမိုင် ကန်ကနုတ် (၁) အလုပ်သမား တန်းလျားမှ အလုပ်သမားဖြစ်ပြီး ထွက်ပြေး ပုန်းရှောင် နေရသည့်အခြေအနေကို အလုပ်သမား တစ်ဦးက ယခုလို ပြောသည်။

"ကျမတော့ အလုပ်မလုပ်ရပဲ ပြေးနေရတာ ၅ရက် ၆ ရက်လောက်ရှိပြီ။ တောထဲတောင်ထဲ ဒီတိုင်း ပြေးနေကြတာပဲ။ နှစ်ယောက်သုံးယောက် အဲလို စုစုပြီး ပုန်းကြတာ။ တချို့က မနက် ထမင်းဟင်း ထုပ်ယူပြီး တောထဲ နေ့ခင်းလာပုန်းတယ်။ ညနေထမင်းဟင်း တခေါက် ပြန်ချက်ပြီး ကလေးငယ် ရှိတဲ့ သူတွေက ကလေးယူပြီး တောထဲ လာပြန်အိပ်တာလဲရှိတယ်"

ထိုင်းရဲများက ဖမ်းဆီးရာတွင် အလုပ်သမားကဒ်မရှိသူများကို ဖမ်းဆီးနေသကဲ့သို့ ကဒ်ရှိသူများအားလည်း အလုပ် နေရာမတူပါက ဖမ်းဆီးခံကြရသည်။

ယနေ့နံနက်တွင် ထိုင်းတာဝန်ရှိ  (၇၀)ခန့် သည် ချင်းမိုင် ကန်ကနုတ် (၂ ) အိမ်ရာရှိ မြန်မာ အလုပ်သမားများ နေထိုင်ရာ တန်းလျားသို့ ဒုတိယအကြိမ် ၀င်ရောက်စစ်ဆေးပြီး ပုန်းရှောင်နေသူ အလုပ်သမား (၃) ဦးကို ထပ်မံ ဖမ်းဆီးခဲ့သည်။

ချင်းမိုင်အချုပ်ခန်းထဲတွင် အဖမ်းခံနေရသူ အလုပ်သမား တစ်ဦးက လက်ကိုင်ဖုန်းဖြင့် ယခုလို ပြောပြသည်။

"ကျနော်တို့သုံးယောက် ထမင်းဆာလို့ ပြန်စားပြီး လယ်ထဲဲ ပုန်းဖို့ လမ်းဖြတ်အသွားမှာ ဖမ်းမိတာ။ သူတို့(ထိုင်းတာဝန်ရှိ) ခုထိ ဘာမှတော့ မပြောသေးဘူး။ ကောင်းကောင်းမွန်မွန်ပဲ နေရတယ်။ ရယ်ရယ်မောမောပဲ ပြောပြီး ရိုက်တာနှက်တာမရှိဘူး။ အဲလို ပုန်းနေကြတာ လူ ရ၀ကျော် လောက် ရှိမယ်။ ဖမ်းခံရတော့ သူတို့ပြန်ပို့လဲ ပြန်ရုံပဲရှိတယ်။ နောက်မှာကျန်ခဲ့တဲ့ လူတွေကိုလည်း ဘေးကင်း စေချင်တယ် "  

ယခင်ရက်ပိုင်းတွင် အဖမ်းဆီးခံရသည့် အလုပ်သမားလက်မှတ်ရှိသူများကို အလုပ်ရှင်က တစ်ယောက်လျှင် ဘတ်ငွေနှစ်ထောင်ဖြင့် ပြန်ထုတ်ယူခဲ့သည်။ အလုပ်သမားလက်မှတ် မရှိသူများကို ထိုင်း-မြန်မာနယ်စပ် ဘီပီဝမ်း နောင်အုတ်ဘက်သို့ ပို့ဆောင်ခံရသည် ဟု   ရွှေ့ပြောင်းအလုပ်သမား အရေးကူညီသူ တဦးက ပြောသည်။

ချင်းမိုင်ခရိုင် မယ့်ကျို့တက္ကသိုလ်မှ ကျောင်းသူတစ်ဦးကို မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီးနောက် ချင်းမိုင်မြို့ နေရာအနှံ့တွင် တရားမဝင် အလုပ်သမားများကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်သည်။

Most read this week