ရှမ်းမြောက် KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေ

ရှမ်းမြောက် KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ ၄ နယ်မြေတွင် အစိုးရစစ်အင်အား တိုးချဲ့နေဆဲ ဖြစ်ကြောင်း သိရသည်။

မေလ ၂၁ ယမန်နေ့ မုန်ဂိုးဒေသ မုန်ဘော် (Mung Baw) ပြည်သူ့စစ်တပ်တွင် အစိုးရစစ်အင်အား ၅၀ ကျော် ရောက်ရှိနေပြီး ပန်ဆို်င်း(ကြူကုတ်)နှင့် မူဆယ်ဘက်သို့ အင်အား ရ၀ ကျော်ရောက်ရှိနေကြောင်း မျက်မြင် ဒေသခံများပြောသည်။

မုန်ဘော်ဘက်သို့ရောက်ရှိနေသော အစိုးရတပ်ဖွဲ့တို့သည် ကွတ်ခိုင်-လားရှိုးဘက်မှ အရပ်သားကုန်တင်ကား ၅ စီးဖြင့် မန်နောင်ယန် (Mung Nawng Yang) တောင်သို့ရောက်လာပြီး ထိုနေရာမှတဆင့် မုန်ဘော်သို့ ခြေလျင်ဖြင့် အင်အားတိုးချဲ့လာခြင်းဖြစ်သည်ဟု ပန်ဆိုင်း (ကြူကုတ်) ဒေသအခြေစိုက် KIO ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ခွဲ(၅) တပ်ခွဲမှူး ဇော်ဆိုင်း က KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျနော်တို့နဲ့ နည်းနည်းဝေးတဲ့နေရာတွေမှာ စစ်အင်အားတွေဖြည့်နေတယ်။ ကျနော်တို့ကို စစ်ကြောင်း ၃  ကြောင်းထိုးနေတယ်။ သူတို့အစိီအစဉ်က လိုအပ်တာတွေလုပ်ပြီးတော့ ကျနော်တို့ကို ပြန်ပစ်ခတ်မယ့် သဘောရှိတယ်။”

အစိုးရတပ်ဖွဲ့များသည် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ထိုသို့ စစ်အင်အားများတိုးချဲ့ ပို့ဆောင်နေခြင်းကို ကြည့်ခြင်းအားဖြင့် တွေ့ဆုံဆွေးနွေးမှုတွင် သဘောထားတိုက်ဆိုင်မှုမရှိခဲ့ပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု KIO အရာရှိများ သုံးသပ်ပြောဆိုနေပါသည်။

Most read this week