မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမား ၅၀ နီးပါး ထောင်ဒဏ် ချမှတ်ခံရ

မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမား ၅၀ နီးပါး ထောင်ဒဏ် ချမှတ်ခံရ
by -
ဇော်ကြီး
မလေးရှားနိုင်ငံတွင် အဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ နီးပါးကို မလေးရှား တရားရုံးက အပြစ်ဒဏ် အသီးသီးချမှတ်လိုက်သည်။ အပြစ်ဒဏ် ချမှတ်ခံရသူများတွင် လူသုံးဆယ်ကျော်မှာ ထောင်ဒဏ် ၃ လအပြင် ကြိမ်ဒဏ် အပြစ်ပေးခြင်းခံရပြီး ဆယ်ယောက်ကျော်မှာ ချုပ်ရက် ၁၄ ရက် ထောင်ဒဏ်ချမှတ်ခံ ခဲ့ရ ...

မလေးရှားနိုင်ငံတွင် အဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ နီးပါးကို မလေးရှား တရားရုံးက အပြစ်ဒဏ် အသီးသီးချမှတ်လိုက်သည်။

အပြစ်ဒဏ်ချမှတ်ခံရသူများတွင် လူသုံးဆယ်ကျော်မှာ ထောင်ဒဏ် ၃ လအပြင် ကြိမ်ဒဏ် အပြစ်ပေးခြင်းခံရပြီး ဆယ်ယောက်ကျော်မှာ ချုပ်ရက် ၁၄ ရက် ထောင်ဒဏ်ချမှတ်ခံ ခဲ့ရသည်။

ဖေဖော်ဝါရီအစောပိုင်းက ဖမ်းဆီးရမိသည့် ဗာသဝပ်ပြည်နယ် ကမုံစပါးမြို့တွင် အလုပ်လုပ် နေကြသည့် အလုပ် သမား ၅၀ ခန့်ကို ယခုလ ၁၂ ရက်နေ့ တွင် မလေးရှား တရားရုံးမှ အပြစ်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု အချုပ်ခန်းမှ ပြန်လွတ်လာသူ မြန်မာ အလုပ်သမားတဦးက ပြောသည်။

“ဖမ်းထားတဲ့သူတွေကို ဒီဘာမှမရှိတဲ့သူတွေကိုကျတော့ သူတို့ ရုံးတင်တာပေ့ါနော်၊ ရုံးတင်ပြီးတော့ ထောင်ချတာပေ့ါ ထောင်သုံးလနဲ့ ကြိမ်ဒဏ်တစ်ချက် ပြီးခဲ့တဲ့ ကြာသပတေးလား သောကြာလား မသိဘူး၊ အဲဒီနေ့ပဲ သူတို့ကျနော့ကိုပြောပြတဲ့နေ့ ချလိိုက်ပြီတဲ့ ၃ လနဲ့ တစ်ချက်တဲ့ အယောက် ၃၀ ကျော် အဲဒီအုပ်စုမှာပါသွားတယ်။”

ကျန်ရှိသည့် ၁၀ ယောက်ကျော်ကိုမူ ချုပ်ရက် ၁၄ ရက် အပြစ်ဒဏ် ချမှတ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း၌လည်း ဖမ်းဆီးမှုများ ဆက်လက်ရှိနေဆဲဟု မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား များကို ကူညီပေးနေသူ ကိုအောင်ကျော်ဆက်က ယခုလိုပြောသည်။

“ကျနော်တို့ လက်ရှိဒီဖက်မှာဖြစ်ပျက်နေတာက နေ့တဓူဝပေါ့နော် အဖမ်းအဆီးတွေက တောက် လျှောက်ရှိတယ်၊ ဘာကြောင့်လဲဆို အခုဆိုရင် စနေ၊တနင်္ဂနွေနှစ်ရက်ဆိုရင် မြို့လည်ခေါင်မှာကတော့ ဒါက ကျနော်ပြောမယ် လူဖမ်းပွဲကျင်းပနေတဲ့နေရာပဲ အဲလို ဖြစ်နေတယ်။”

အလုပ်လုပ်ခွင့်ပါမစ် ရှိသူများပင် ဖမ်းဆီးခံနေရပြီး အလုပ်ရှင်က ရွေးထုတ်ခြင်းမရှိပါက ပြစ်ဒဏ် ပေးခြင်း ခံကြရသည်ဟု ၎င်းက ဆက် ပြော သည်။

“ဒီမှာက အခု ဘယ်လိုဖြစ်နေကြလဲဆိုတော့ အခုဟာ တချို့က ပါမစ်ရှိတယ် ပါမစ်ရှိပြီးတော့လည်း အေးဂျင့်ကနေပြီးတော့ ခုနကလိုပေ့ါနော် အငှားပါမစ်တွေပေ့ါနော် အဲလိုတွေနဲ့ ရပ်တည်နေတာတွေလဲ အများကြီးပဲ အဲလိုလူတွေက ဘာဖြစ်လဲဆိုတော့ ထပ်ပြီးတော့ဒီ နယ်စပ်တွေရောက် ဘယ်လို ပြောမလဲဆို အဖမ်းခံရပြီးသွားရင် အေးဂျင့် သို့မဟုတ် သူဌေးကလာထုတ် မထုတ်ပေးနိိုင်ရင် အဲလို လူတွေက ပါမစ်နဲ့ အခု Camp ထဲ ထောင်ထဲ တွေမှာ အများကြီးပဲ။”

ယခုအပြစ်ဒဏ်ချမှတ်ခံရသော လက်မှတ်မဲ့ အလုပ်သမားများသည် ပြစ်ဒဏ်ရက်ပြည့်ပါက အစိုးရ ဖွင့်လှစ်ထား သည့် ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခံရမည်ဖြစ်ပြီး ၎င်းစခန်းများ မှတဆင့် နယ်စပ်ဒေသများသို့ ပြန်ပိုု့ မည်ဖြစ်သည်။

ကမ္ဘာ့စီးပွားပျက်ကပ် အခြေအနေသည် မလေးရှား နိုင်ငံသားများကို အလုပ်လက်မဲ့ဖြစ်ပေါ် စေခြင်းကြောင့် နိုင်ငံခြားသား အလုပ်သမားများအား ပိုမိုဖမ်းဆီးနေခြင်းဖြစ်သည်ဟု အလုပ်သမားများအရေး ကူညီပေးနေသူ ကိုအောင်ကျော်ဆက်က သုံးသပ်ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၅ သိန်းခန့်ရှိပြီး တရားဝင်အလုပ်သမား ၂ သိန်း ခန့်ရှိသည်ဟု အလုပ်သမားအရေးကူညီသူများက ခန့်မှန်းသည်။

Most read this week