မောင်တော ခယကမှ ပြည်ထောင်စုနေ့ကို အသုံးချပြီး ရံပုံငွေ ရှာ

မောင်တော ခယကမှ ပြည်ထောင်စုနေ့ကို အသုံးချပြီး ရံပုံငွေ ရှာ
by -
မင်းဆက်ခိုင်
မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော နေ့တနေ့ဖြစ်သည့် ပြည်ထောင်စုနေ့ကို အသုံးချပြီး မောင်တောမြို့ ခရိုင် ဥက္ကဌမှ ခယက ရံပုံငွေ ရှာဖွေခဲ့သည်ဟု အမည်မဖေါ်လိုသူ အငြိမ်းစား ကျောင်းဆရာကြီး တဦးမှ ပြော ...

မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော နေ့တနေ့ဖြစ်သည့် ပြည်ထောင်စုနေ့ကို အသုံးချပြီး မောင်တောမြို့ ခရိုင် ဥက္ကဌမှ ခယက ရံပုံငွေ ရှာဖွေခဲ့သည်ဟု အမည်မဖေါ်လိုသူ အငြိမ်းစား ကျောင်းဆရာကြီး တဦးမှ ပြောသည်။

သူက “ဒီနေ့ခေတ် နအဖ စစ်အစိုးရ အရာရှိတွေရဲ့ စိတ်ဓါတ်က တော်တော်ကို ယိုယွင်းပျက်စီး ကုန်ပါပြီ။ ကျွန်တော်တို့ မောင်တောမှာ အသစ် ရောက်ရှိလာတဲ့ ခယက ဥက္ကဌ အသစ် အောင်ဆွေညွန့်က တိုင်းရင်းသား လူမျိုးတွေရဲ့ အသက်သွေးကြော တမျှ အရေးကြီးတဲ့ ပြည်ထောင်စုနေ့ကိုမှ ခုတုံး လုပ်ပြီး သူတို့ကိုယ်ကျိုး အတွက် ရံပုံငွေ ရှာဖွေတယ်ဆိုတော့ ဘယ်အတိုင်းအတာထိ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးနေတယ်ဆိုတာ စဉ်းစားစရာ မလိုဘဲ သိရှိနိုင်ပါတယ်။” ဟု ပြောသည်။

မောင်တောခရိုင် ဥက္ကဌမှ ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် စစ်တွေမြို့မှ ရခိုင်တေးသံရှင် အဆိုတော်များကို ဖိတ်ခေါ်ပြီး စတိတ်ရှိုးပွဲများ ပြုလုပ်ခဲ့သည်။

ခယက ရံပုံငွေဟုဆိုကာ စတိတ်ရှိုးပွဲ အထူးတန်းလက်မှတ် တစောင်ကို ကျပ်ငွေ ၃၀၀၀နှင့် ဒုတိယတန်း လက်မှတ် တစောင်ကို ၂၀၀၀ ကျပ်စီဖြင့် မောင်တော မြို့သူ မြို့သားများအား မဝယ်မနေရ အတင်းရောင်းချခဲ့သည်။

မောင်တောမြို့ခံ ဝန်ထမ်း တဦးကလည်း “ဟုတ်ပါတယ်။ ရခိုင် အဆိုတော်တွေက တော်တော့ကို စုံပါတယ်။ အကုန်လုံး နာမည်ကြီး တွေပါပဲ။ စတိတ်ရှိုး နှစ်ရက်မှာ ခယကမှ ကျပ်ငွေ သိန်း ၅၀၀ ခန့် ရရှိှိသွားတယ်လို့ သိရပါတယ်။ လက်မှတ် ကတော့ ပထမတန်း၊ ဒုတိယတန်းဆိုပြီး ခွဲထားပါတယ်။ အတင်းရောင်းတော့ ထိုင်ခုံက တပွဲမှာ တထောင်ကျော် ရောင်းရ ပါတယ်။” ဟုပြောသည်။

အဆိုပါ ဖြေဖျော်ပွဲအား မောင်တော မြို့မကွင်းတွင် ပြုလုပ်ခဲ့ပြီး ရခိုင်တေသံရှင် ညှာစိမ်းခိုင်အပါအဝင် ကိုခိုင်ကျော်လင်း၊ ဒ်ိုးရီ(လ်)၊ L ကိုလင်း၊ တက်သစ်စလူငယ် ရက်(ပ်) အဆိုတော် တဦးဖြစ်သော ကံထွန်းကြည်တို့ ပါဝင်ခဲ့ပြီး ပွဲစဉ်ကို ည ၉နာရီမှ နံနက် ၃နာရီအထိ ဖျော်ဖြေကျင်းပခဲ့သည်။

အဆိုပါ အငြိမ်းစားကျောင်းဆရာကြီးမှ “တကယ်တော့ ပြည်ထောင်စုနေ့့မှာက ရခိုင်၊ ဗမာ၊ ဒိုင်းနက်၊ မြိုစတဲ့ တိုင်းရင်းသား အကတွေနဲ့ ပြည်ထောင်စုနေ့ကို ဝေဝေဆာဆာ ကျင်းပသင့်ပါတယ်။ ကျင်းပမယ့် ပိုက်ဆံ မရှိတော့ တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးနဲ့ ပြည်ထောင်စုနေ့ကို အသုံးချပြီး စတိတ်ရှိုးလုပ်ပီးတော့ ပိုက်ဆံ ရှာလိုက်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။

Most read this week