KIA ထိန်းချုပ်နယ်မြေ ကန်ပိုင်တီလမ်း တွင် အစိုးရစစ်တပ် အင်အား ထပ်ဖြည့်

KIA ထိန်းချုပ်နယ်မြေ ကန်ပိုင်တီလမ်း တွင် အစိုးရစစ်တပ် အင်အား ထပ်ဖြည့်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၅ နယ်မြေ ကန်ပိုင်တီလမ်းတွင် ယခု မေလဆန်းပိုင်းမှစပြီး အစိုးရစစ်အင်အားများ ပိုမို အားဖြည့် လာကြောင်းသိရသည်။

KIA တပ်မဟာ ၅ နယ်မြေ ကန်ပိုင်တီလမ်း သို့ အင်အားဖြည့်လာတဲ့ မြန်မာစစ်တပ် တပ်မ ၃၃ စစ်သားများ။ ဓါတ်ပုံ-ကချင်သတင်းဌာန

ယမန်နေ့ နံနက်ပိုင်းက မြန်မာအစိုးရတပ် တပ်မ (၃၃) မှ အင်အား ၁၀၀ ကျော် စစ်ကြောင်းသည် ဆတုံရေတံခွန် အနီးတွင်ရောက်နေပြီး ၎င်းတွင် ဝိုင်းမော်နယ်မြေခံ ခလရ ၅၈ တပ်လည်း ပါကြောင်း ရှေ့တန်းမှ KIA စစ်ဗိုလ်တဦး ပြောသည်။

“လဖိုင် ကနေ ဆတုံ ရေတံခွန်လမ်းမကြီးတလျှောက်မှာ ပလိုင်းတွေနဲ့ လမ်းမှာ ထမင်းစားနေကြတယ်။ သုံးဘီးကား ၂ စင်းမှာလည်း လက်နက်တွေနဲ့သွားနေကြတယ်။”

မေလ ၁ ရက်နေ့တွင်လည်း အစိုးရစစ်ကား ၆ စင်းတွင် အင်အား ၁၅၀ ကျော်နှင့် စစ်လက်နက်များ၊ အစားအသောက်များ တင်ပြီး ဝတ်မော (Wutmaw) နယ်ခြားစောင့်တပ် နယ်မြေသို့ အားဖြည့်ထားလိုက် ကြောင်း အထက် KIA စစ်ဗိုလ် က KNG ကချင်သတင်းဌာန သို့ပြောသည်။

မြစ်ကြီးနား-ကန်ပိုင်တီ တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းမကြီးတလျှောက် အစိုးရ စစ်အင်အားများ တိုးချဲ့ထားသော်လည်း ခရီးသွားပြည်သူများကို ဟန့်တား စစ်ဆေးမေးမြန်းခြင်း မရှိကြောင်း သိရသည်။

ထို့အတူ ကချင်လွတ်မြောက်ရေး အဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ဗဟိုဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင် ယခင် KIA အမာခံစခန်းများတွင်လည်း အစိုးရ စစ်အင်အားများ အားဖြည့်ထားသည်ဟု KIO/KIA အရာရှိများဆိုပါသည်။

သို့သော်  ထိုသို့ စစ် လက်နက်နှင့် လူအင်အားများ အစိုးရတပ်မတော်မှ အားဖြည့်ထားသော်လည်း ယခုချိန်အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပါ။

Most read this week