အကူညီနည်းလာခြင်းကြောင့် ကချင်စစ်ဘေးရှောင်ကလေးများအတွက် ပညာရေးစိုးရိမ်ရ

အကူညီနည်းလာခြင်းကြောင့် ကချင်စစ်ဘေးရှောင်ကလေးများအတွက် ပညာရေးစိုးရိမ်ရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဇီးလွန် ဒုက္ခသည်စခန်းတွင် အကူအညီများ နည်းလာခြင်း ကြောင့် စားဝတ်နေရေး အခက်အခဲအပြင် ကလေးများ ပညာရေးအတွက် မိဘများက စိုးရိမ်နေကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် ယခင်က ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP) မှ အဓိက ဆန်နှင့်အစားအသောက်များ ကူညီပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးအတွက်ကူညီပေးနေကာ အခြား အလှူရှင်များလည်း လာရောက်ကူညီနေခြင်းမှ ယခုနောက်ပိုင်း အကူအညီများပြတ်လတ်လာသည်ဟု သိရသည်။

ထို့ပြင် မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်လာမည်ဖြစ်သောကြောင့် ဒုက္ခသည်စခန်းမှ မိဘများသည် ငွေရေးအခက်အခဲကြောင့် စိတ်မချမ်းမသာ ဖြစ်နေရသည်ဟု ၎င်းဒုက္ခသည်စခန်းတွင် ကူညီကြည့်ရှုပေး နေသော ဆရာ လဘန်အောင် (Sara Labang Awng) က ပြောသည်။

“အခုချိန်က ဆန်နဲ့ ဆားတော့ ရှိတယ်။ ဟင်းအတွက်နဲ့ တခြားဟာတွေ အများကြီး လိုနေတယ်။ တချို့က  နေ့စားအလုပ်သွားလုပ်တယ်။ မသွားနိုင်တဲ့ မိခင်တွေက အရမ်းခက်နေတယ်။ ပြီးတော့ အခု ကလေးတွေ ကျောင်းဖွင့်ချိန်နီးလာတဲ့အတွက် မိဘတွေက စိတ်ဆင်းရဲနေကြတယ်။”

၎င်းဒုက္ခသည်စခန်းအတွက် ဇီးလွန်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တစ်လလျှင် ကျပ် ၂ သိန်းကူညီ ထောက်သော်လည်း အသုံးစရိတ်မလုံလောက်မှုကြောင့် အချို့မိဘများက နေ့စားအလုပ်ထွက်ရှာရခြင်း ဖြစ်သည်။

ဇီးလွန်ဒုက္ခသည်စခန်းတွင် လူဦးရေ ရ၀၀ ကျော်ရှိပြီး ကျောင်းသူ/သားများ ၁၈၀ ကျော်ရှိကြောင်း သိရသည်။

Most read this week