အစိုးရတပ်နှင့် KIA ရှမ်း/မြောက်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

အစိုးရတပ်နှင့် KIA ရှမ်း/မြောက်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) ဘက်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မုန်ဂိုးဒေသသို့ မြန်မာအစိုးရတပ် မှ စစ်အင်အားများ ဆက်လက်တိုးချဲ့ကာ  တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မေလ ၁၂ ရက် ယမန်နေ့ညတွင် မုန်းဂိုးဒေသ သို့ အစိုးရစစ်ကား ၁၀ စင်း၊ အင်အား ၂၀၀ ကျော်ဖြင့် ပို့ဆောင်လာကြောင်း ရှေ့တန်း စစ်ဗိုလ်များထံမှ သိရသည်။

၎င်းအစိုးရတပ်ဖွဲ့တို့သည် မေလ ၁၃ ယနေ့နံနက်တွင်  ပန်ဆိုင်းမှ  အထက်သို့ ခြေလျင်ဖြင့် အသီးသီးထွက် ခွာသွားကြောင်း မျက်မြင်များ ပြောသည်။

ထို့ပြင် မေလ ၁၁ ရက် မနက်ပိုင်းတွင်လည်း မုန်ဂိုးဒေသ  တပ်ရင်း ၃၆ နယ်မြေသို့ ထိုးစစ်ဆင်လာသော အင်အား ၁၀၀ ကျော်ရှိ အစိုးရတပ်ပေါင်းစု ခမရ ၄၀၇ နှင့် ခလရ ၄၅ တပ်ဖွဲ့များကို KIO ပြည်သူ့စစ် (MHH) တပ်ခွဲ ၅  မှ မိုင်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု MHH တပ်ခွဲမှူး ဇော်ဆိုင်းက  KNG ကချင်သတင်းဌာန သို့ပြောသည်။

  နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားချိန် အစိုးရတပ်ဘက်မ  ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နမ်ဟူး (Nam Hu) ရှမ်းရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး ရွာသား တစ်ဦး ထိမှန်သဖြင့်  တရုတ်ပြည်သို့ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ဆိုသည်။

ထိုနေ့ ညနေပိုင်းတွင်ပင် အစိုးရတပ်ဖွဲ့နှင့် KIA ပြည်သူ့စစ် တပ်ခွဲ ၅ တပ်ဖွဲ့များ ခလဲန် (Hka Len) ရွာတွင် ပြန်လည် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲမှ အစိုးရတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ တပ်သား ၂ ဦး၏ အလောင်းကို ရွာသားများမှ မြုပ်နှံပေးလိုက်ပြီး ဒဏ်ရာရရှိ သူများကို မူဆယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသခံယူနေကြောင်း မျက်မြင်များက ပြောသည်။

အစိုးရတပ်များသည် ရှမ်းပြည်မြောက်ပိုင်းသို့ နယ်မြေရှင်းလင်းရေး အမည်တပ်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု KIA အရာရှိများ ပြောသည်။

Most read this week