ကချင်စစ်ပြေးဒုက္ခသည် ရ ဦးအား BGF ဖမ်းဆီး

ကချင်စစ်ပြေးဒုက္ခသည် ရ ဦးအား BGF ဖမ်းဆီး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ချီဖွေ-လောခေါင်ဇုံနယ် မြန်မာ-တရုတ်နယ်စပ် မှတ်တိုင်အမှတ် (၆) ဖရဲ (Hpare) စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် ရ ဦးကို မေလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပန်ဝါအထူး နယ်ခြားစောင့်တပ် (Border Guard Force) မှ ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးသွားသော ဒုက္ခသည်များသည် ဦးယိန်းဆောင်၊ ဦးဂျူံးဘောမ်၊ ဦးယိန်းချန်း၊ ဦးယိန်းတိန်းချန်း၊ ဒေါ်ဆောင်ဘောမ်စဲ၊ ဦးယိန်းတိန်းနုတ်နှင့် ဦးဘောမ်တိန်း တို့ဖြစ်ပြီး ၎င်းတို့ကို ပန်ဝါအထူးပြည်သူ့စစ် (BGF) လဂွေချန်းယိန်း နှင့် ဖရဲ (Hpare) ဘောမ်ယိန်းဘောမ်တို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

စစ်ပြေးဒုက္ခသည်စခန်းမှ ရ ဦးသည် မှတ်တိုင်အမှတ် (၈) ဖီမှော် (Hpyi Maw) ရွာအနီးသို့ နေ့စား ဝါးခုတ်သွားစဉ်  ပန်ဝါအထူးပြည်သူ့စစ် (BGF) များက တရုတ်ပြည်ဘက်မှ ပန်ဝါဘက်သို့ ဖမ်းသွားကြောင်း အမည်မဖော်လိုသူ စစ်ဗိုလ်ကြီးတဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဒုက္ခသည်တွေက တရုတ်ပြည်ကိုသွားပြီး ပိုက်ဆံရှာတာ။ နေ့တိုင်းသွားတဲ့သူတွေရှိတယ်။ အိမ်ဆောက်ပြီး သွားတဲ့ သူတွေလဲရှိတယ်။ ဖရဲ စစ်ပွဲ မဖြစ်တာ ၄ လ လောက်ရှိပြီ ဆိုတော့ သူတို့အပြင်ထွက်ပိုက်ဆံရှာ  ခွင့်တောင်းထားတာလေ။    သူတို့က ရွာလဲပြန်ကြည့်လိုက် ဒုက္ခသည် စခန်းမှာ ပြန်လာနေလိုက်နဲ့ ဝင်ဝင်ထွက်ထွက်ဘဲ”

လဂွေ (Lagwi) ရွာသားများသည် BGF ပြည်သူ့စစ်တပ်ဖွဲ့အားထောက်ခံသူများဖြစ်ပြီး ၊ ဖရဲ (Hpare)  ရွာသားများသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အားထောက်ခံသူများဖြစ်ကြသည်။ လဂွေကျေးရွာသား များသည် BGF များထံမှ မျက်နှာသာရအောင် ဖမ်းဆီးခြင်းဖြစ်ကြောင်း KIA ဗိုလ်မှူး တဦးက သုံးသပ်သည်။

ပြီးခဲ့သည့် ၂၀၁၂ မေလနှင့် သြဂုတ်လတွင် ဖရဲ (Hpare ) ရွာသား ၃ ဦးကို   KIO ၏အမာခံလူဟုစွပ်စွဲကာ BGF ပြည်သူ့စစ်တပ်ဖွဲ့က တရုတ်ပြည် စုချီ (Suji) ရွာတွင်ဖမ်းဆီးခဲ့ရာမှ ယခုတိုင် ပန်ဝါရှိ မြန်မာအစိုးရမြို့ နယ်ခွဲရုံး တွင် ချုပ်နှောင်ထားဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါ   အမှတ်တိုင် (၆) ဖရဲ (Hpare)  စခန်းရှိ ဒုက္ခသည်များကို (BGF ပြောင်း- ယခင် ကချင်ဒီမိုကရေစီ သစ်တပ်မတော် NDA-K ခေါင်းဆောင်) ဦး စခုန်တိန့်ယိန်း ကိုယ်တိုင် ၂၀၁၂ သြဂုတ်လတွင် လာရောက်ခေါ်ဆောင်သော်လည် ဒုက္ခသည်များ လိုက်သွားခြင်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းတွင် ဒုက္ခသည်ပေါင်း ၉၇၀  ကျော်ရှိပြီး စစ်ပွဲမရှိချိန် စခန်းအနီးရှိ တရုတ်ပြည် စုချီကျေးရွာသို့ နေ့စားအလုပ် သွားလုပ်ကြကြောင်းသိရသည်။ ၎င်းဒုက္ခသည်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အစားအသောက်များ အဓိက ကူညီထောက်ပ့ံမှုပေးနေပါသည်။

Most read this week