လနားဇွပ်ဂျာ ဒုက္ခသည်စခန်းတွင် သောက်သုံးရေ ခက်ခဲနေ

လနားဇွပ်ဂျာ ဒုက္ခသည်စခန်းတွင် သောက်သုံးရေ ခက်ခဲနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဗန်းမော်ခရိုင် တရုတ်နယ်စပ်ရှိ လနားဇွပ်ဂျာ (Lana Zup Ja) ကချင်ဒုက္ခသည်စခန်းတွင် သောက်သုံးရေခက်ခဲမှုပြဿနာ ကြံုနေရဆဲ ဖြစ်ကြောင်းသိရသည်။

၎င်းဒုက္ခသည်စခန်းတွင် အိမ်ခြေ ၅၉၆၊ လူဦးရေ ၂၅၉၁ ဦးရှိပြီး ၎င်းတို့သည် ဒုက္ခသည်စခန်းအတွင်းရှိ ရေတွင်း ၃ ခုနှင့် ရေလှောင်ကန် ၁ ခုကိုသာ သုံးစွဲနေရခြင်းဖြစ်သည်။

ယခုချိန် ရေများခန်းခြောက်သွားသောကြောင့် သောက်သုံးရေ အခက်အခဲ ကြံုနေကြရသည်ဟု ဒုက္ခသည် စခန်းတွင် ကူညီမှုပေးနေသော မ အမိုင်က ပြောသည်။

ရေများခန်းခြောက်လာခြင်းကြောင့် ဒုက္ခသည်စခန်းမှ ၁ မိုင်ခန့်အကွာရှိ  တောင်ကျချောင်းမှ သွယ်ယူထား သော ရေလှောင်ကန်မှ ရေကို သုံးစွဲနေရသောကြောင့် ကျန်းမာရေးထိခိုက်မှုများလည်း ရှိလာကြောင်း မ အမိုင်ကပြောသည်။

“တောင်ကျရေကို ရေလှောင်ကန်ထဲ ၄ ရက်လောက်စုထားရတယ်။ ဒါကြောင့်သုံးတဲ့အခါ အရမ်းနံတယ်။ ဒါပေမဲ့ရေမရှိတော့ သုံးနေရတာပေါ့။ သောက်ရေကိုတော့ ရေတွင်းကနေ တညလုံးစုထားတယ်။ မနက်မိုးလင်းတာနဲ့ လုခပ်ကြတော့ ခဏပဲကုန်တယ်။ တနေကုန်ပြန်စုထားတာက ညပိုင်းခတ်ရင်ပြန် ကုန်သွားနဲ့ တချို့က ဆိုင်က တစ်ဗူး နှစ်ဗူး ၀ယ်သုံးနေကြတယ်။ ငွေမရှိတဲ့လူတွေက အရမ်းဝေးတဲ့ ရွာတွေက လိုက်ခတ်ယူကြတယ်။ ရေခက်တော့ ၀မ်းလျှောတာတွေလည်း အရမ်းဖြစ်လာတယ်။”

ကျမ်းမာရေးအတွက် ဆေးဝါးပြတ်လတ်သော အချိန်များလည်း ရှိကြောင်း ဆက်ဆိုသည်။

“ဆေးတွေက မလောက်ဘူး။ တရုတ်ပြည်က နည်းနည်းလာကူညီတာတော့ရှိတယ်။ ဒါပေမဲ့ ဆရာမတွေက တရုတ်စာအညွှန်းမဖတ်တတ်လို့ တရုတ်ဆေးကို သိပ်မသုံးဘူး။ အင်္ဂလိပ်ဆေးတွေ က ပြတ်ပြတ်သွားတယ်။”

လနားဇွပ်ဂျာ ဒုက္ခသည်စခန်းတွင် မေလ ၃ ရက်နေ့ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ဒုက္ခသသည် များနေအိမ်နှင့် အဆောက်အဦးများ ပျက်စီးသွားခဲ့ကာ အဆောက်အဦးများ ပြန်လည်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယခုချိန် ၎င်းဒုက္ခသည်စခန်းတွင် ဂရုဏာအဖွဲ့နှင့် WPN (Wunpawng Ninghtoi) မှ အစားအသောက်များ ကူညီပေးနေသကဲ့သို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှလည်း ကူညီမှုများပေးနေကြောင်း သို့သော် အကူအညီမှာ ဆက်လက်လိုအပ်နေသေးကြောင်း သိရသည်။

Most read this week