အစိုးရတပ်နှင့် KIA ရှမ်း/မြောက်တွင် တိုက်ပွဲဖြစ်

အစိုးရတပ်နှင့် KIA ရှမ်း/မြောက်တွင် တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်ကြားရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်ပေါင်းစုံနှင့် KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့ကြား မေ ၈ ရက် ညပိုင်းတွင် ရင်ဆိုင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 KIA တပ်ဖွဲ့များရောက်ရှိလှုပ်ရှားနေသည့် ဟူးဖြတ် (Hu Hpyet) နယ် ဂျာဒိုင်ယန်ရွာ (Ja Dai Yang) အနီးသို့ အစိုးရတပ် ခလရ ၂၉၀ နှင့် ခမရ ၅၀၇ စုပေါင်းစစ်ကြောင်းတို့ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ရှေ့တန်းရောက် KIA စစ်ဗိုလ်တဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ရှိနေတဲ့နေရာမှာ အင်အား ၆၀ ကျော်နဲ့ ထိုးစစ်ဆင်လာလို့ ထိပ်တိုက်ဆုံပြီးပစ်ခတ်တိုက်ခိုက် လိုက်တာပါ။”

ပစ်ခတ်မှုတွင် နှစ်ဖက်တပ်မှ ထိခိုက် ကျဆုံးမှုကို မသိရသေးပေ။

ယခုတိုက်ပွဲဖြစ်ပွားသော နယ်မြေတွင် သာမန်ပြည်သူများ အဓိကလုပ်ကိုင်သည့် ရွှေတွင်းလည်း ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား နေ့တိုင်းဆိုသလို တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

Most read this week