ဗန်းမော်မြို့က ဒုက္ခသည်စခန်း ကလေးများအတွက် စာသင်ကျောင်းဆောင်မလုံလောက်

ဗန်းမော်မြို့က ဒုက္ခသည်စခန်း ကလေးများအတွက် စာသင်ကျောင်းဆောင်မလုံလောက်
by -
ကချင်သတင်းဌာန

၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်နီးလာပြီ ဖြစ်သော်လည်း ဗန်းမော်မြို့နယ် အတွင်းရှိ ဘွမ်စစ်ပါ (Bum Tsit Pa) ကချင်ဒုက္ခသည်စခန်းတွင် ကလေးများအတွက် စာသင်ကျောင်းဆောင် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဘွမ်စစ်ပါ (Bum Tsit Pa) ဒုက္ခသည်စခန်းတွင် ယမန်နှစ် တရုတ်နိုင်ငံ နောင်တောင်း (Nongdao) မှ ဒုက္ခသည် ကလေးများ ရောက်ရှိလာချိန်မှစပြီး စာသင်ခန်း မလုံလောက်မှုကြောင့် စာသင်ချိန်ကို မနက်ညခွဲကာ အချိန် နှစ်ပိုင်းဖြင့် သင်ကြားအဆုံးသတ်ခဲ့ရ ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုနှစ် ပညာသင်နှစ်အတွက် ဒုက္ခသည်များ ပြန်လည်တိုးလာခြင်းကြောင့် စာသင်ခန်း တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း ယခုချိန်ထိ ကျောင်းခန်းဆောက်လုပ်ရန် အခက်အခဲဖြစ် နေရကြောင်း ဘွမ်စစ်ပါ (Bum Tsit Pa) ဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဂမ်ဆိုင်း (Salang Kaba Gam Seng) က ပြောသည်။

“မနှစ်ကတော့ ကျောင်းခန်း မဆန့်သွားလို့ နဂိုဒီက ကလေးတွေဆို မနက်ပိုင်းတက်။ ဟိုက ပြောင်းလာတဲ့ အဖွဲ့က ညပိုင်းတက်နဲ့ ၂ သုတ်ဖြစ်သွားတယ်။ ဒီနှစ်တော့ ၃ ခန်းပြန်ချဲ့ဆောက်ဖို့ လုပ်ထားတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘတ်ဂျက်က မရသေးတော့ ကျောင်းဖွင့်ခါနီးပေမယ့် ကျောင်းဆောင်က မဆောက်ရသေးလို့ ခက်နေတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေရှိ ၂၀၁၃ -၂၀၁၄ ပညာသင်နှစ် စာသင်ကျောင်းများကို အခက်အခဲကြားကနေ ဇွန်လမှ ဖွင့်လစ်သင်ကြားသွားမည်ဖြစ်ပြီး KIO ထိန်းချုပ်နယ်မြေအတွင်း ကျောင်းသား ဦးရေ ၂၀၀၀၀ ကျော်ရှိကြောင်း KIO ပညာရေးဌာနမှ ဒု-အထွေထွေ အတွင်းရေးမှူး ဆလန်ကဘား ခွန်နောင် (Salang Kaba Hkun Nawng) ပြောသည်။

“ခက်တာက အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒါကို ဘယ်လို်ကျော်ဖြတ်သွားမယ်ဆိုတာကိုတော့ တတ်နိုင်သလောက် စီစဉ်ထား ဆွေးနွေးထားတာတွေတော့ရှိတယ်။ ခက်တယ်ဆိုပြီး လက်ပိုက်နေလို့ မဖြစ်ဘူးလေ။ မေလ ၂၅ မှာ နာမည်စာရင်းကောက်မယ်။ ဇွန် ၁ ရက်နေ့ကနေ စာသင်တော့မယ်။ အားလုံးကို ညွန်ကြားထားပြီးသား ဟုတ်တယ်”

ဘွမ်စစ်ပါ (Bum Tsit Pa) ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၇၃ လူဦးရေ ၈၃၂ ရှိသည့်အနက် ကျောင်းကို မူလတန်းအဆင့် ဖွင့်လှစ်ထားရာ ကျောင်းသူ ကျောင်းသားများ ၂၅၀ ကျော်ရှိကြောင်း သိရသည်။

ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် “နဂိုကတော့ ရုံးခန်းနဲ့ ဆိုရင် ရ ခန်းရှိတယ် ဒီနှစ်တော့ လူလဲများလာပြီဆိုတော့ ၃ ခန်းပြန်ဆောက်ချဲ့ဖို့ လုပ်ထားတာ။ ပြန်ဆောက်ရင်တော့ ဖုန်အရမ်းထလို့ တမန်တလင်းနည်းနည်းခင်လိုက်ရမယ်။ အဲဒါခင်းဖို့အတွက် တရုတ်ငွေ ၁၀၀၀၀ ကျော်ကုန်မယ်” ဟု  ဆလန်ကဘား ဂမ်ဆိုင်း က ပြောသည်။

ဘွမ်စစ်ပါ (Buma Tsit Pa) ဒုက္ခသည်စခန်းတွင် မေလ ၃ ရက်နေ့ မိုးနှင့် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ဒုက္ခသသည်များနေအိမ် ၁၈ လုံး၊ အိမ်သာ ၁၂ လုံး၊ မူကြိုကျောင်းနှင့် စာသင်ကျောင်းများ ပျက်ဆီးခဲ့ရာ ယခုချိန် ဒုက္ခသည်နေအိမ်များကို ပြန်လည်ပြုပြင်လိုက်ပြီဖြစ်သော်လည်း မူကြိုကျောင်း၊ အိမ်သာနှင့် ကျောင်းဆောင်များကို ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မေလ ၃ ရက်နေ့ ဖြစ်ပွားခဲ့သော လေပြင်း မုန်တိုင်းကြောင့် မိုင်ဂျာယန်အနီးဝန်းကျင်ရှိ လနာ့ဇွပ် (Lana Zup)၊ အင်ခေါင်းပါ (Nhkawng Pa)၊ ဘွမ်စစ်ပါ (Bum Tsit Pa)၊ ခခဲန် (Hka Hkyeng) စသည့် ဒုက္ခသည်စခန်းများရှိ နေအိမ်များ၊ အိမ်သာများနှင့် အစရှိသည့် အဆောက်အဦးများ ပျက်ဆီးခဲ့ကြောင်း သိရသည်။

Most read this week