KIO ကျောင်းတွင် တရုတ်စာကို ဘာသာရပ် တခုအဖြစ် စတင်သင်ကြား

KIO ကျောင်းတွင် တရုတ်စာကို ဘာသာရပ် တခုအဖြစ် စတင်သင်ကြား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့ (Mai Ja Yang) ထွယ်နင်ရှောင် (Htoi Ning Shawng) အထက်တန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်မှစ၍ တရုတ်ဘာသာရပ်ကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“တရုတ်အစိုးရရဲ့ အကူအညီနဲ့သင်ကြားသွားမှာပါ။  လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်နဲ့ နည်းပြဆရာတွေကို သူတို့ ပံ့ပိုးမှုပေးသွားမှာဖြစ်ပါတယ်” ဟု ကျောင်းအုပ်ကြီး ဦးဖုန်ဆန့် ကပြောသည်။

ထိုကျောင်းသည် ၅ တန်းမှ ၁၀ တန်းအထိ လက်ခံသင်ကြားပေးပါသည်။ မည်သည့်ကျောင်းမှ မဆိုပြောင်း လာသော  ပဥ္စမတန်းတက်ရောက်မည့် ကျောင်းသားသစ် ၂၅ ယောက်ကိုသာလက်ခံ မည်ဖြစ်ပြီး ကျောင်းသားများမှာ ဘော်ဒါဆောင်တွင်သာနေရမည်ဟုလည်းဆိုပါသည်။

ကျောင်းသားများအတွက် အစားအသောက်နှင့် ကျောင်းစရိတ်ကို KIO နှင့် ဒေသတွင်းကျောင်းသားမိဘများမှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊  လာမည့်ဇွန်လတွင်ကျောင်းဖွင့်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်မှစတင်ကာ တရုတ်စာထည့်သွင်းသင်ကြားရခြင်းမှာ များစွာသောပညာရပ်ကို လျင်မြန်စွာ လက်လှမ်းမှီ သင်ယူတတ်စေရန်ဖြစ်သည် ဟု ကျောင်းအုပ်ကြီးကပြောသည်။ “မိုင်ဂျာယန်မြို့မှာ ပထမဆုံး တရုတ်စာ ထည့်သွင်းသင်ကြားသွားမယ့် ကျောင်းလို့ပြောလို့ရတယ်။ အရင်ကတော့ မိုင်ဂျာယန် ပညာရေးကောလိပ်၊ Intensive English Program (IEP) မှာသင်ကြားဖူး တယ်။ အခုတော့မရှိတော့ဘူး။”

အဆိုပါကျောင်းသည်(ယခင်က)  KIO ၏ စိုက်ပျိုး မွေးမြူရေးကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ စိုက်ပျိုး ရေးပညာ၊ ရိုးရာယဉ်ကျေးမှု ၊ ဂီတအနုပညာ၊ စက်မှုလက်မှုပညာများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်ကစပြီး အဆိုပါကျောင်းအား ထွယ်နင်ရှောင် (Htoi Ning Shawng) ဘော်ဒါဆောင် အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။  ၂၀၁၂ ခုနှစ် (ယမန်နှစ်) ကမူ ထွယ်နင်ရှောင် (Htoi Ning Shawng) ပညာရေးကျောင်းဟု ပြန်လည်ပြောင်းလဲဖွင့်လှစ်ခဲ့ပြန်သည်။

ထိုကျောင်းမှ ကျောင်းဆင်းလာသော ကျောင်းသူ/သားများသည် KIO အစိုးရမှဖွင့်လှစ်ထားသာ TTC (Teacher Training College)၊ IEP (Intensive Enlish Program) ကျောင်တို့တွင် ဆက်လက်သင်ယူခွင့် ရှိကြောင်း သိရသည်။

မိုင်ဂျာယန် Htoi Ning Shawng အထက်တန်းကျောင်းတွင် ယမန်နှစ် ကျောင်းသားဦးရေ စုစုပေါင်း (၈၆) ယောက်ရှိပြီး ၊ ယခုနှစ် စီမံကိန်းအရ အခြေခံပညာမူလတန်းကျောင်း ဆက်လက်တိုးချဲ့သွားဖို့ရှိကြောင်း သိရပါသည်။

Most read this week