မြစ်ကြီးနား ဇီးလွန်ဒုက္ခသည်စခန်းတွင် ရေ အခက်အခဲ ကြံုနေ

မြစ်ကြီးနား ဇီးလွန်ဒုက္ခသည်စခန်းတွင် ရေ အခက်အခဲ ကြံုနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဇီးလွန် ဒုက္ခသည်စခန်းတွင် သုံးစွဲရန် ရေ အခက်အခဲ ကြံုနေရကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းတွင် လူဦးရေ ရ၀၀ ကျော်ရှိပြီး ၎င်းတို့သည် ရေဘုံဘိုင် ၃ ခုဖြင့်သာ သုံးစွဲနေရသောကြောင့် ယခု ဧပြီလမှ စကာ ရေ အခက်ခဲကြံုနေရသည်ဟု ၎င်းဒုက္ခသည်စခန်းတွင် ကူညီကြည့်ရှုပေးနေသော ဆရာ လဘန်အောင် (Sara Labang Awng) က ပြောသည်။

“ရေတွင်းမရှိတော့ ဘုံဘိုင်နဲ့ပဲ သုံးနေရလို့ လူကများ ဘုံဘိုင်ကနည်း ခဏခဏလဲပျက်တယ်။ အဲဒီထဲ အခုက ရေ ပြန်ခန်းလာလို့ ပိုခက်သွားတာ။ ရေတွင်း တူးယူဖို့ အလှူတော့ရှာနေတယ်။ ဒါပေမဲ့ မရသေးဘူး။”

၎င်းမှ ဒုက္ခသည်များသည် ရေအခက်အခဲကြောင့် အဝတ်လျှော်၊ ရေချိုးရန်မှာ ဒုက္ခသည်စခန်းမှ ၁ နာရီခန့် သွားရသော ဧရာဝတီမြစ်သို့ သွားရောက် နေရကြောင်း သိရသည်။

ထို့ပြင် ၎င်းဒုက္ခသည်စခန်းတွင် မီးအခက်အခဲ ပြဿနာလည်း ကြံုနေရကြောင်း သိရသည်။

ဒုက္ခသည်စခန်းအတွင်း မီးစက်ဖြင့် သုံးစွဲနေရသောကြောင့် ယခုချိန် မီးစက်နိုးရန် ဆီဖိုးအတွက် ငွေကြေး မတတ်နိုင်သဖြင့် ည ၀တ်ပြုကိုးကွယ်ချိန်မှ လွဲ၍ အခြားအချိန်များတွင် မီးထွန်းနိုင်ရန် အခက်အခဲ ဖြစ်နေကြောင်း ဆရာလဘန်အောင် (Sara Labang Awng) က ပြောသည်။

“ကျနော်တို့စခန်းက ဘူးဂါး (Buga) မီးနဲ့လည်း ဝေးတယ်။ အဲဒါကြောင့် မီးစက်ပဲ နိုးပြီး သုံးနေတာဟုတ်တယ်။ အဲဒါအခုနောက်ပိုင်းက ဆီမတတ်နိုင်တော့လို့ ည ၆ နာရီိခွဲကနေ ရ နာရီခွဲ ၀တ်ပြုဆုတောင်းတဲ့အချိန်မှာပဲ နိုးတော့တယ်။ ည မီးမထွန်းနိုင်ဘူး။ ကလေးတွေစာကျက်ချင်ရင်လည်း မကျက်ရဘူး။ ဖယောင်းတိုင်နဲ့က အဆင်မပြေဘူး။ ၀ယ်လဲမဝယ်နိုင်ကြဘူး။”

ယခုချိန် နွေရာသီ အပူဒဏ်ကြောင့် ဒုက္ခသည်များမှာလည်း သွေးတိုးခြင်း၊ အဖျားတက်ခြင်း၊ ခေါင်းမူးခြင်း စသည့် ဝေဒနာများလည်း ခံစားနေရကြောင်း သိရသည်။

အဆိုပါစခန်းအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP) မှ အဓိက ဆန်နှင့်အစားအသောက်များ ကူညီပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးအတွက် ကူညီပေးနေသော်လည်း လုံလောက်မှုမရှိ ဖြစ်နေကြောင်း သိရသည်။

၎င်းဒုက္ခသည်စခန်းရှိ ဒုက္ခသည်များသည် မြန်မာအစိုးရနှင့် KIA တိုက်ပွဲဖြစ်ပွားလာချိန်မှ လိုင်ဇာ-ဗန်းမော် (မန်မော်) သွားလမ်းပေါ်ရှိ ကျေးရွာများမှ ပြည်သူများနှင့် သာလောကြီး (Da Law) ဘက်မှ ထွက်ပြေး သိမ်းရှောင်လာသူများ ဖြစ်သည်။

Most read this week