လက်ရှိ မြန်မာအစိုးရနှင့် နိုင်ငံရေးအခြေအနေ KIO ပြည်သူလူထုအား ရှင်းပြ

လက်ရှိ မြန်မာအစိုးရနှင့် နိုင်ငံရေးအခြေအနေ KIO ပြည်သူလူထုအား ရှင်းပြ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က လက်ရှိ မြန်မာအစိုးရနှင့် KIO သွားနေသော နိုင်ငံရေးလမ်းကြောင်း အခြေအနေကိစ္စများနှင့် ပတ်သက်ပြီး ဧပြီ ၂၃၊ အင်္ဂါနေ့ မိုင်ဂျာယန်တွင် ပြည်သူလူထုထံ ရှင်းလင်း ပြောဆိုသည့် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ထိုအစီအစဉ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်မဟာ ၃ ဌာနချုပ်ရှိ ခန်းမဆောင်တွင် ဧပြီလ ၂၃ ရက် ယမန်နေ့ မနက် ၈ နာရီမှ နေ့လည် ၄ နာရီထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းတွင် KIO အနေဖြင့် ယခုချိန်ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် မြန်မာအစိုးရအနေဖြင့် စားပွဲပေါ် နိုင်ငံရေးဆွေးနွေးမှု မရှိသေးသရွေ့ တိုက်ပွဲသည် ဆက်လျှက်ရှိနေအုံးမည် ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဂွမ်ထန် ဂမ်ရှောင် (Gunhtang Gam Shawng) က ပြည်သူလူထုထံ ရှင်းလင်း ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူများက ပြောသည်။

“အခုအစိုးရနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက်မတူတာတွေရှိတဲ့အကြောင်းတွေ။ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အဆင့် မရှိသေးသရွေ့ စစ်ဖြစ်နေအုံးမှာပဲ။ တိုက်ပွဲရပ်သွားတာမဟုတ်ဘူး။ ဆက်ပြီးတော့ တိုက်ရအုံးမယ်ဆိုတာတွေ။ အဲဒါကြောင့် ကျနော်တို့ပြည်သူလူထုတွေ စိတ်တူကိုယ်တူနဲ့ ဘယ်လိုကြိုးစားရအုံးမယ်။ ဘယ်လိုသတိနဲ့နေရမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြရှင်းပြတယ်။ ပြည်သူလူထုအားလုံးလည်း သဘောတူလက်ခံတယ်” ဟု တက်ရောက်သူတစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းအစည်းအဝေးတွင် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေ မုန်မြစ်၊ ဆင်လီ၊ ဂမ်မိန်း၊ လာရှိုး၊ ကွတ်ခိုင်၊ မုန်ဂိုး၊ ဖောင်းဆိုင်၊ နမ်ဖတ်ကာ စသည့်ကျေးရွာမှ ပြည်သူများ၊ တပ်မဟာ ၃ နယ်မြေ ဗန်းမော်၊ ရွှေဂူ၊ မုန်းခေါင် စသည့်ကျေးရွာများမှ ပြည်သူလူထုများနှင့် တပ်ပိုင်းဆိုင်ရာများ စုစုပေါင်း ၅၀၀ ခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၁၁ ဇွန်လ ၉ ရက်နေ့က မိုးမောက်မြို့နယ် Ta Hkaw Hka (တာပိန်) ရေကာတာ စီမံကိန်းအနီးက စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးတွေ့ဆုံခဲ့ချိန်ထိ နှစ်ဖက် တပ်ပိုင်းဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ညှိနှိုင်းမှုရရှိအောင် ညွန်ကြားသွားရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယခုချိန် ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်နှင့် တချို့နေရာတို့တွင် တိုက်ပွဲများ ငြိမ်သက်နေ သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေတို့တွင် အစိုးရတပ်ဖွဲ့များ စစ်ရေးလှုပ်ရှား မှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး တိုပ်ပွဲဆက်လက်ပြင်းထန်လာနိုင်သည် ဟု KIA အရာရှိများ ပြောသည်။

Most read this week