မြစ်ကြီးနား မလိယန်စခန်း ဒုက္ခသည်များစားဝတ်နေရေးအခက်ကြံုနေဆဲ

မြစ်ကြီးနား မလိယန်စခန်း ဒုက္ခသည်များစားဝတ်နေရေးအခက်ကြံုနေဆဲ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဇီးလွန်ကျေးရွာ မလီယန် (Mali Yang) ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်တွင် ခိုလှုံနေသော  ဒုက္ခသည်စခန်းတွင် နေ့စဉ်စားရေးသောက်ရေးအတွက်အခက်အခဲကြုံနေရဆဲဖြစ် ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ ဟင်းဖိုးများ ထောက်ပံ့ပေးနေသော်လည်း ဒုက္ခသည်များ ချက်ပြုတ်စားသောက်ရန် ထင်းများဝယ်ယူဖို့ခက်ခဲနေသည်ဟု မလိယန်ဒုက္ခသည်စခန်းမှ သိရသည်။

"ကျနော်တို့က အုပ်စုလိုက် အုပ်စု လိုက် အဖွဲ့ ၄ ဖွဲ့ထားပြီးတော့ စုပေါင်းပြီးချက်စားတယ်။ အဖွဲ့တစ်ဖွဲ့က အချိန်တစ်ပါတ်စီချက်တယ်။ ကျနော်တို့အသင်းတော်က အသင်းတော်အသစ်ဆိုတော့ ဘတ်ဂျတ်လဲမရှိ တော့ခက်တာပေါ့နော်" ဟု ဒုက္ခသည်စခန်းကိုကြည့်ရှုနေသူ တာဝန်ရှိသူတစ်ဦးပြောသည်။

ဘူးဂါး (Buga) ကုမ္ပဏီမှ ဖြန့်ဝေပေးနေသည့်မီးသည်လည်း အချိန်မှန်မရခြင်းနှင့် အားမရှိသောကြောင့် ချက်ပြုတ်ရန် အခက်ခဲရင်ဆိုင်နေရသကဲ့သို့ ရေသုံးရန်လည်း မီးစက်မရှိသောကြောင့် အရာရာခက်ခဲနေသည် ဟု ပြောသည်။

မလိယန် (Mali Yang) နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းတွင် World Concern မှပြုလုပ်ပေးသည့် ရေတွင်းတခုရှိသော်လည်း ရေတင်ဖို့ရန် မီးစက်မရှိသောကြောင့်လည်း နေ့စဉ် ခက်ခဲနေသည်ဟု ဆိုသည်။

"ကျနော်တို့ Camp မှာ မီးစက် ၁ ခုတော့ အလှူရှိတယ်။ ဒါမဲ့ အဲဒီစက်လည်းပျက်နေတော့ ခက်နေတယ်။ ၀ယ်ထားတဲ့ ရေမြုပ်မော်တာက အားကြီးတော့လေ။ ဘူးဂါး မီးကလည်း အားလုံးကိုင်တယ်ဆိုတော့ ညဘက်ဆိုပိုဆိုး အားက ၁၁၀၊ ၁၂၀ သာရှိတဲ့ကြောင့်ခက်တယ်" ဟု ဒုက္ခသည် စခန်းမှဆရာ တဦးက KNG ကချင်သတင်းဌာနသို့ပြောသည်။

ယခုချိန် ဒုက္ခသည်စခန်းတွင် အယောက် ၃၀၀ ကျော်ခိုလှုံနေပြီး ထမင်းချက်ရန် ရေးတွင်းမှလက်ဖြင့် ဆွဲယူနေရသကဲ့သို့ အိမ်သာလည်း ၆ လုံးသာရှိသောကြောင့် ထပ်ဖြည့်ရန် လိုအပ်နေသည်ဟု ဆိုသည်။

၎င်းဒုက္ခသည်စခန်းတွင် အစာအိမ်သွေးကြောပေါက်ပြီး မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁ ဦးလည်းရှိသည်။

အဆိုပါစခန်းအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် World Food Program (WFP) မှ အဓိက ဆန်နှင့်အစားအသောက်များ ကူညီပြီး KBC နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ ဟင်းဖိုးအတွက် ကူညီပေးနေသော်လည်း လုံလောက်မှုမရှိဖြစ်နေခြင်းဖြစ်သည်။

မြန်မာအစိုးနှင့် KIO စစ်ပွဲများ စတင်ဖြစ်ပွားလာချိန်မှ KIO ထိန်းချုပ်နယ်မြေ ဂါးရာယန် (Ga Ra Yang)၊ ဂျာပူ (Ja Pu)၊ ဒဘတ် (Dabak)၊ ပန်ဒေါင် (Pandawng)၊ အောင်ဂျာယန် (Awng Ja Yang) ကျေးရွာများမှ ဒေသခံများ အဆိုပါ မလိယန် (Mali Yang) နှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းသို့ထွက်ပြေးတိမ်းရှောင် လာခြင်းဖြစ်သည်။

Most read this week