မလေးရှားရောက် မြန်မာများ လုံခြုံမှု ကင်းမဲ့နေ

မလေးရှားရောက် မြန်မာများ လုံခြုံမှု ကင်းမဲ့နေ
by -
ဇော်ကြီး
မလေးရှားနိုင်ငံ၊ ဗာသဝပ်ပြည်နယ် ကမုံဇဝါးပလပ်ခေါ် မြန်မာအလုပ်သမားများ ငှားရမ်း နေထိုင်သည့် နေရာတွင် အလုပ်သမား ၅၀ ခန့်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့်  မြန်မာအလုပ်သမားများ စိုးရိမ်ထိတ်လန့်နေ ကြ ...

မလေးရှားနိုင်ငံ၊ ဗာသဝပ်ပြည်နယ် ကမုံဇဝါးပလပ်ခေါ် မြန်မာအလုပ်သမားများ ငှားရမ်း နေထိုင်သည့် နေရာတွင် အလုပ်သမား ၅၀ ခန့်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့်  မြန်မာအလုပ်သမားများ စိုးရိမ်ထိတ်လန့်နေ ကြသည်။

ယင်းဖမ်းဆီးမှုသည် ဖေဖော်ဝါရီလ ၈ ရက်ညကဖြစ်ကာ ယခုရက်ပိုင်းအတွင်း ပီနန်၊ ဂျလန်ဗာဒူးဒေသတို့တွင် ဖမ်းဆီးမှု ပိုများလာသဖြင့်  မြန်မာရွှေ့ ပြောင်းအလုပ်သမားများ မိမိတို့လုံခြုံရေးအတွက် ကင်းစောင့်နေ ကြရသည်ဟု စက်ရုံ လုပ်သား ကိုဟိန်းဇော်က ပြောသည်။

"သူတို့လာမှာကြောက်လို့ ကင်းစောင့်တာလေ။ ဒီ သူတို့တွေလာလို့ရှိရင် ကျနော်တို့က ပြေးတာပေါ့။ ဖမ်းတဲ့သူတွေလာရင် ကျနော်တို့ကပြေးပြီ အဲဒီတော့ ညဖက်ကျရင် ကျနော်တို့ က ၄ နာရီလောက်မှ အိပ်တယ်၊ တစ်ယောက်တစ်လှည့်ပေါ့ အဲဒီပုံစံမျိုးစောင့်ပြီးနေရတယ်"

အစိုးရမှ စက်ရုံ အလုပ်ရုံများအား ပိတ်လိုက်သည့်အတွက် အလုပ်လက်မဲ့များလာပြီး ယခုလ ၂ ရက်နေ့မှစတင်၍ ယနေ့ထိ အလုပ်သမား ၃၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု ၎င်းကပြော သည်။

ဖမ်းဆီးခံရသူများထဲတွင် အေးဂျင့်မှတဆင့်ပို့လာသည့် Calling သမားခေါ် တရားဝင် ဗီဇာဖြင့်လာရောက် အလုပ်လုပ်သူများလည်းပါ၀င်ပြီး လုပ်ငန်းခွင်သို့အသွားလမ်း၌ ဖမ်းဆီးခံ ရခြင်းဖြစ်သည်ဟု ကိုဟိန်းဇော်က ပြောသည်။

"အဲမှာလည်း အမှန်တွေလည်းပါသွားတာ Calling သမားတွေလည်းပါသွားတယ် Calling သမားတွေ တစ်ချို့ကပြန်မရွေးထုတ်ရသေးတဲ့သူတွေရှိတယ်၊ ကျနော် ဒီနေ့တောင် မေးလိုက် သေးတယ် လွတ် မလာသေးဖူးလားလို့ သူဌေးက ၁၄ ရက်နေ့မှရွေးပေးမယ်လို့ ပြောတယ်တဲ့ ကျနော်အဲမှာ တိတိကျကျ မေးတာ အေးဂျင့်နဲ့လာတဲ့သူတွေလေ။"

တရားဝင်ဗွီဇာကိုင်ထားသူများကို အလုပ်ရှင်မှ လာမရွေးပါက ရဲစခန်းသို့ခေါ်သွားပြီး ၁၄ ရက် အချုပ်ချကာ ဗီဇာ မရှိသူများအနေနှင့် ထောင်သုံးလနှင့် ကြိမ်တစ်ချက် ရိုက်ခံရပြီး နယ်စပ်သို့ပြန်ပို့ခံရသည်ဟု ၎င်းက ဆက်ပြောသည်။

နယ်စပ်သို့ပို့ခံရသူများကို မလေးရှားလူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများက လူကုန်ကူးသူ ပွဲစားများထံပေးခဲ့ပြီး ၎င်းပွဲစားများက အဓမ္မငွေတောင်းယူသည့်အတွက် ဒုက္ခရောက်ကြရ သည်ဟု မကြာသေးခင်က အဖမ်းခံရပြီး နယ်စပ်မှပြန်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

"ထောင်သုံးလချပြီးရင်သူတို့ ဒီနယ်စပ်ကိုသွားပို့ပေးတယ် လဝက တွေက၊ သွားပို့ပြီး နောက်မှာ ဗမာပြည်သားပွဲစားတွေကို သွားပေးလိုက်တယ်၊ ဗမာပြည်သားပွဲစားတွေ က  ပိုက်ဆံမပေးရင် အများ ကြီးခြိမ်းခြောက်တယ် ကိုယ်ကလဲ ဒုက္ခသုက္ခနဲ့ပြန်တက်လာရတယ် မလေးရှားငွေ နှစ်ထောင် ပေးပြီးတော့"

မြန်မာနိုင်ငံသို့ပြန်လိုပါက ပွဲစားများအား မလေးရှားရင်းဂစ် ၂၅၀၀ မြန်မာငွေအားဖြင့် ခုနှစ်သိန်းခွဲခန့် ပေးမှသာ ပြန်ပို့ပေးပြီး ငွေမပေးနိုင်သူများကို ထိုင်းပွဲစားများထံ ရောင်းစား သည်ဟု ထိုအမျိုးသမီးကဆက်ပြောသည်။

ယခုနှစ်ကုန်ဆုံးပြီးပါက နိုင်ငံခြားသားအလုုပ်သမားများကို ဗီဇာသက်တမ်းထပ်မံတိုးပေး လိမ့်မည်မဟုတ်ဟု မလေးရှား ဒု-၀န်ကြီးချုပ်မှ တရားဝင်ပြောကြားပြီးသည့်နောက်ပိုင်းတွင် ဖမ်းဆီးမှုများပိုမို လုပ်ဆောင်လာသည်။

Most read this week