ဗန်းမော်က ကချင်ဒုက္ခသည်စခန်း ရေအခက်အခဲ နေ့စဉ်ရင်ဆိုင်နေရ

ဗန်းမော်က ကချင်ဒုက္ခသည်စခန်း ရေအခက်အခဲ နေ့စဉ်ရင်ဆိုင်နေရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဗန်းမော်ခရိုင် တရုတ်နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် ၂၇၀၀ ကျော်ခိုလှုံနေသည့် လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင် သုံးစွဲရန်ရေ အခက်ခဲပြဿနာ နေ့စဉ်ရင်ဆိုင်နေရကြောင်းသိရသည်။

သုံးစွဲရန် ရေများခက်ခဲသောကြောင့် လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင် အိမ်သာ ၈၀ ကျော်ရှိ သည့်အနက် အိမ်သာ ၃၀ ပိတ်ထားရကြောင်း သိရသည်။

ထိုသို့သုံးစွဲရန်ရေမလုံလောက်ခြင်းကြောင့် တကိုယ်ရေ သန့်ရှင်းရေးအတွက်အခက်အခဲများရင်ဆိုင်ရပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ဒုက္ခသည်စခန်းမှတာဝန်ရှိသူတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

"သုံးရေတွေလိုအပ်နေတယ်၊ အဝီစိ ကနေ စုတ်တင်တာ ၃၆ နာရီကြာမှ ရေလှောင်ကန်ကြီး ၂ ခု ပြည့်တယ်။ ပြန်သုံးဒါက ၁ ရက်အတွက်တောင်မလုံလောက်ဘူးဆိုတော့ အရမ်းခက်တယ်" ဟု ပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် ရေတွင်း ၃ ခု၊ အဝီစိရေတွင်း ၁ ခု ရှိသော်လည်း နွေရာသီ ရေခမ်းခြောက်ခြင်း ကြောင့် အခြားရပ်ဝေးရွာသို့သွားခပ်ရသည်ဟု ပြောသည်။

စခန်းရှိ ဒုက္ခသည်လူဦးရေနှင့် ရေတွင်းမှရေသုံးစွဲရန်ညီမျှခြင်းမရှိသောကြောင့် ရေတွင်း များနောက်ထပ်လို အပ်နေသော် လည်း ငွေအခက်ခဲဖြစ်နေသောကြာင့် ကူညီမှုများလိုအပ်နေသည်ဟု စခန်းမှတာဝန်ရှိသူများ ပြောသည်။ ၎င်းဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလမှစ၍ ရေတွင်းမှ ရေများစတင်ခမ်းခြောက်လာခြင်းဖြစ်ပြီး ယခုလမှပိုမိုခက်ခဲလာသည်ဟု သိရသည်။

လနားဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းကဲ့သို့ ထိုစခန်းမှ မှ ၄ မိုင်ကျော်အကွာရှိ ဒုက္ခသည် ရ၀၀ ကျော် ရှိသော ဘွမ်စစ်ပါ (Bum Tsit Pa) စခန်းတွင်လည်း သုံးရေများခက်ခဲနေကြောင်းသိရသည်။

အစိုးရထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းတွင်သာမက KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ရေလုံလောက်စွာမရရှိသောကြောင့် အကူညီလိုအပ်နေဆဲဖြစ်ပြီး ဝိုင်းမော်မြို့နယ်စစ်ရှောင်စခန်းများတွင် လည်း ရေအပြင် ထင်းများလည်းခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။

Most read this week