ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ

ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် အစိုးရစစ်တပ်များသာ နေရာယူ အခြေချ ထားလိုက်ခြင်းကြောင့် ဖားကန့်ပြည်သူများအတွက် တနိုင်တပိုင်ဝမ်းရေး ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်လာကြောင်း ဖားကန့်ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်း အစိုးရစစ်တပ်မှ အင်အားတိုးချ လာသောကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်တိုက်ပွဲဖြစ်ကာ KIA ဖက်မှ နောက်ဆုတ်ထားလိုက်ချိန်မှစ၍ ကျောက်စိမ်းတူးဖော်ရေးနယ်မြေများတွင် အစိုးရကုမ္ပဏီများနေရာယူလာခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် ကုမ္ပဏီအတွင်း စွန့်ပစ်ကျောက်ရိုင်း (ရေမဆေး) ကောက်သူများနှင့် တနိုင်တပိုင်ကျောက်စိမ်းတူးဖော် နေသော ပြည်သူလူထုများကို အစိုးရစစ်တပ်မှ ခြောက်လန့်ပစ်ခတ်မှုများပြုလုပ်နေပြီး ယခုချိန် ကုမ္ပဏီ အဆောက်အဦးများတွင်လည်း အစိုးရတပ်မှလုံခြုံရေးယူထားကြောင်း သိရသည်။

အဆိုပါအစိုးရတပ်များမှ ဖားကန့်ဒေသ ဂွေခါ (Gwi Hka)၊ ဆိုင်းတောင် (Seng Tawng)၊ ရှရော်ခ (Sharaw Hka)၊ မှော်ဝမ်း (Maw Wan)၊ မှောစီဆာ (Maw Si Sa)၊ လုံးခင်း (Lawng Hkang) စသည် ့ကျောက်စိမ်းထွက်ရာကျေးရွာများအားလုံးတွင် နေရာယူ အခြေချ လိုက်ခြင်းကြောင့် ထိုမှော်တို့တွင် ရှာဖွေစားသောက်နေသော ပြည်သူများ အခက်အခဲကြံုတွေ့နေရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

မှော်ဝမ်းကလေးတွင်မူ ၄င်းနေရာတွင်ရှိသော အစိုးရတပ်ဖွဲ့ ဗိုလ်မှူးကြီးအား ဟင်းဖိုး၊ အရက်ဖိုးနှင့် ငွေများကို လစဉ် ပေးဆောင်နေရပြီး လုပ်ကွက်ပေးနေကြောင်း မှော်ဝမ်းကလေး ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“တခြားနေရာတွေမှာ လုံးဝလုပ်စားလို့မရတော့ဘူး။ ဒီကျနော်တို့မှော်ဝမ်းကလေး ကသေမှော်မှာက နည်းနည်း လုပ်စားလို့ရတယ်။ ဒီမှာလုပ်စား လို့ရတယ်ဆိုပေမဲ့ အဲဒီမှာရှိတဲ့ ဗိုလ်ကြီးကို အရက်တွေ အသားတွေ ဟင်းတွေ လိုလေသေးမရှိ ၀ယ်ပေးထားရတယ်။ ငွေလဲ တစ်လကို ၄-၅ သိန်း လက်ဆောင်ပေးနေရတယ်။ ဟင်းတွေ အရက်တွေက နေ့တိုင်းဝယ်ပေးရတယ်။ အဲလိုမျိုးကြောင့် လုပ်စားလို့ရနေတာပေါ့။ အဲလိုမလုပ်ရင်မှော် ရပ်ဆိုင်းမယ်ဆိုပြီး အမျိုးမျိုး ခြောက်လန့်တယ်။ အခုလူတွေအများပိုင်း ဒီမှာလာတူးစား နေတာများတယ်။ ဒုက္ခသည်တွေအားလုံးလည်း ဒီနေရာမှာ တူးစားနေတယ်” ဟုပြောသည်။

ဖားကန့်ဒေသသို့ ယခုလို နေရာယူလာသော စစ်တပ်သည် တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များဖြစ်ပြီးဒီအခြေ အနေကိုကြည့်ခြင်းအားဖြင့် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် စစ်ရေးအားဖြင့် အစိုးရတပ်ဖွဲ့မှအပေါ်စီး ထားနိုင်ပြီဟု ပြောဆိုနိုင်ကြောင်း ဖားကန့်ဒေသခံများ က ဝေဖန် သုံးသပ်နေကြသည်။

ယခုချိန် နမ့်ယားနှင့် ဖားကန့် လမ်းတစ်လျှောက်တို့တွင်လည်း အစိုးရစစ်ယဉ်တန်းများ တရက်လျင် ၄ စီးဖြင့် အသွားအလာပြုလုပ်နေသောကြောင့် လူငယ်များကို အဖမ်းအဆီးပြုလုပ်မည်ကို စိုးရိမ်နေရကြောင်း ဖားကန့် ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက ပြောသည်။

“စစ်သား၂၀ လောက်စီးတဲ့စစ်ကားက နေ့တိုင်း ၃၊ ၄ စီးပုံမှန် တက်လိုက် ဆင်းလိုက်လုပ်နေတယ်။လုံခြံုရေးယူ တာလားတော့ မသိဘူး။ အခုတော့ အစိုးရတပ်တွေ နေရာယူလိုက်ပြီဆိုတော့ အများပိုင်းက လူငယ်တွေအတွက် စိုးရိမ်ရတယ်။ ဟိုတလောကဆို လဖ္ဘက်ရည်ဆိုင်တွေက ဖမ်းယူပြီး သူတို့စစ်တပ်ကို ထည့်လိုက်တာတွေရှိပြီ အဲဒါကြောင့် ပြည်သူလူထုက သူတို့ဘယ်တော့ လာဖမ်းမယ်ဆိုတာကို ကြောက်နေရတယ်။ ခက်တော့ အရမ်း ခက်သွားတယ်။ အဲဒါကြောင့် လူငယ်တွေကိုလည်း ညမထွက်အောင်ပြောထားတယ်။ ထွက်လည်း မထွက်ကြတော့ဘူး” ဟု KNG ကချင် သတင်းဌာန သို့ပြောသည်။

အဆိုပါကျောက်စိမ်းကုမ္ပဏီများသည် ယခင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကို အခွန်ပေးဆောင်ကာ ကျောက်တူးဖော်ခွင့် လုပ်ကွက်ရ ထားသော်လည်း ယမန်နှစ် မေလမှ စပြီး အစိုးရမှ ကုမ္မဏီများကိုရပ်ဆိုင်းရန် အမိန့်ထုတ်လိုက်သောကြောင့် ရပ်လိုက်ရသေးသည်။

ထိုကုမ္ပဏီများရပ်ဆိုင်းထားစဉ် ၎င်းတို့၏ ကျန်ရှိနေသည့် ကျင်းဟောင်းများတွင် KIO က ပြည်သူများကို တနိုင်တပိုင် ဆက်လက်တူး ဖော်ခွင့် ပေးထားခဲ့သည်။

သို့သော် ယခုချိန်တွင် ဖားကန့် ဒေသသို့ ဇန်နဝါရီလမှ အစိုးရစစ်အင်အား ပြန်လည်တိုးချဲ့လာ၍ တိုက်ပွဲများဖြစ်ပွားလာသောကြောင့် KIA ဖက်မှ လူထုကိုထိခိုက်မည်စိုးရိမ်၍ တပ်မဟာ (၂)၊ လက်အောက်ခံ တပ်ရင်း (၆) ကို နောက်ဆုတ်ပေးထားခဲ့ကြောင်း KIA ဖက်မှပြောသည်။

ထို တပ်ရင်း (၆)နေရာကို အစိုးရတပ်ကနေရာယူထားသည်ဟု ဒသခံများကပြောသည်။

အစိုးရအာဏာပိုင်များသည် ဇန်နဝါရီလမှစ၍ ကျောက််တူးဖော်နေသူများကို မောင်းထုတ်နေခြင်းဖြစ်ပြီး ပြည်သူလုထုများထဲမှ ၀မ်းရေးအတွက် ဆက်လက်ရှာဖွေ၍ မလိုက်နာသူများကို အစိုးရတပ်မှ ဖမ်းဆီး အရေးယူမှုများလည်းပြုလုပ်နေကြောင်းသိရသည်။

အစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဌာနချုပ် လိုင်ဇာ အနီးတပ်စခန်းများအား ယမန်နှစ်ကုန်ပိုင်းမှစ၍ ပြင်းထန်စွာ တိုက်ပွဲများဆင်နွဲပြီး အဓိကကျသောစခန်းများကို သိမ်းပိုက်လိုက်သည်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ ဘက်တွင်လည်း အစိုးရတပ်က ထို့နည်းတူ အင်အားဖြည့် နေရာယူလာခြင်းဖြစ်သည်။

ကချင်လူထု၏ အဓိကအသက်မွေးဝမ်းကျောင်းတခုဖြစ်သော ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို လွပ်လပ်စွာတူးဖော်ခွင့် မရှိသောကြောင့် နေ့စဉ်စားဝတ်နေရေးအခက်ခဲများ ပိုမိုရင်ဆိုင်လာရသည် ဟု ဒုက္ခသည်စောင့်ကြည့်သူများကလည်း ပြောဆိုသည်။

Most read this week