အစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲ တရုတ်ကြောင့် ရွှေ့ဆိုင်းထားရ ဟု ကချင်အဖွဲ့များ ဆို

အစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲ တရုတ်ကြောင့် ရွှေ့ဆိုင်းထားရ ဟု ကချင်အဖွဲ့များ ဆို
by -
ကချင်သတင်းဌာန

ဧပြီလ (၆) ရက်နေ့ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့  မြစ်ကြီးနားမြို့၌ တွေ့ဆုံမည့်အစီအစဉ် ပျက်ပြားမှုသည် တရုတ်အစိုးရကန့်ကွက် ခြင်းကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု ကချင်အဖွဲ့အစည်းများ ပြောသည်။

ရွှေ့လိုက်ရခြင်း၏ အကြောင်းရင်းမှာ တွေ့ဆုံမှုတွင် ကုလသမဂ္ဂနှင့် ဗြိတိန်နိုင်ငံ၊ အမေရိန်ကန်နိုင်ငံများ ပါ၀င်ဆွေးနွေးမည်ကို မလိုလားသောကြောင့် တရုတ်အစိုးရအနေဖြင့် ဆွေးနွေးပွဲတွင် ဆက်လက် ပါ၀င်နိုင်မည်မဟုတ်ကြောင်းနှင့် တရုတ်အစိုးရမ ပါ၀င်ပဲ ပြုလုပ်မည်ဆိုပါကလည်း ကန့်ကွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု လူထုအခြေပြုအဖွဲ့အစည်းက ထုတ်ပြန်ကြေငြာချက်တွင် ပြောဆိုခဲ့သည်။

မြန်မာပြည်၏ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တရုတ်အစိုးရအနေနှင့် ပါ၀င်လာသည်ကို ကြိုဆိုသော်လည်း တရုတ်အစိုးရ၏ဟန့်တားမှုများ၊ အပြုအမူများသည် မျော်လင့်ချက်မဲ့စေသည့် လုပ်ဆောင်ချက်များသာဖြစ်သည်ဟု ကချင်လူထုအခြေပြုအဖွဲ့ အစည်း (၁၃) ဖွဲ့မှ သဘောထားများ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် နှောင့်နှေးမှုဖြစ်စေသည့်အပေါ် ကန့်ကွက်ကြောင်း ရန်ကုန်အခြေစိုက် ကချင်ငြိမ်းချမ်းရေးကွန်ယက် (Kachin Peace Network) မှ ညှိနှိုင်းရေးမှူး တဦးဖြစ်သူ မ လဘန် ခေါန်ဂျာ (Labang Hkawn Ja) KNG ကချင်သတင်းဌာန သို့ပြောသည်။

"တရုတ်အစိုးရက သူတို့ဘက်က စကားဝင်ပြောဖို့ခွင့်မရှိဘူး။ သူတို့က ဘာဖြစ်တယ်ဆိုတာ ကြားဝင်လူကြီးလိုကြည့်သွားဖို့ပဲ။ ဆုံးဖြတ်ချက်မှာ သူတို့ပါစရာမလိုဘူး။ သူတို့နဲ့ဆွေးနွေးဖို့လည်း မရှိဘူး။ ကျမတို့ရဲ့ နိုင်ငံရေးကို ကျမတို့နိုင်ငံအတွင်း လူကိုယ်တိုင် ဆွေးနွေးဆုံးဖြတ်ရမယ်။ တရုတ်ဆုံးဖြတ်ပေးတာကို မရချင်ဘူး။ တရုတ်သာမက တခြားဘယ်နိုင်ငံမဆိုပေါ့။ သက်သေ ပါပေးဖို့ပဲနှစ်သက်တယ်။ ၁၉၅၄ နှစ်ကနေ မြန်မာနိုင်ငံကို ကြားနေနိုင်ငံ ၀င်ရောက်စွပ်ဖက်မှုမရှိကြေးဆို နေပြီး ဒီတစ်ခေါက်က တရားဝင်စကားပြောတာလာတယ်။ အခုလို နိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နောက်ဆုတ်ခိုင်းတယ်ဆိုတာ ကျမတို့ဘက်က လက်မခံနိုင်ဘူး"

အဆိုပါ တွေ့ဆုံဆွေးနွေးရေးကိစ္စဖြစ်မြောက်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ “ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက တာဝန်ယူပြီး ကုလသမဂ္ဂ၊ အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ တာဝန်ရှိသော ပုဂ္ဂိုလ်များ ဆွေးနွေးပွဲတွင်ပါ၀င် တက်ရောက်နိုင်ရေး ဖိတ်ခေါ်ရန်နှင့် ထိုကိုယ်စားလှယ်များ ပါ၀င်တက်ရောက်နိုင်ပါက ဆွေးနွေးပွဲအား ပြည်တွင်းတွင် ကျင်းပလိုပါကြောင်း” ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ စာဖြင့်ပေးပို့ခဲ့သည်။

၀န်ကြီးဦးအောင်မင်းထံမှလည်း KIO မှ ညှိနှိုင်းတင်ပြလာသည်ကို သဘောတူခဲ့ပြီး အစည်းအဝေးကို ပြည်တွင်းတွင် ပြုလုပ်ရန် ရက်သတ်မှတ်ခဲ့ကာ ဧပြီလ (၁၀) နေ့မတိုင်မီ ပြန်လည် ကျင်းပရန်သဘောတူထားသည့်အတိုင်း ဧပြီ (၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မနောကွင်း  မဂျွယ်ခန်းမဆောင် (Majoi Gawknu) တွင် ကျင်းပရန်သဘောတူ စီစဉ်ခဲ့သည်ဟု မြစ်ကြီးနား ကချင်အဖွဲ့အစည်းများပြောသည်။

အဆိုပါ ရက်ရွှေ့ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်၍ တရုတ်ဖက်ကလည်း ၄င်းတို့ကန့်ကွက်မှုကြောင့် ဆွေးနွေးပွဲရွှေ့ ဆိုင်း လိုက်သည်ဟု ပြောဆိုမှုကို ငြင်းဆိုထားပြီး “ထောက်ပံ့ပို့ဆောင်ရေး ကိစ္စတွင် ပြဿနာရှိနေသောကြောင့်သာ ဖြစ်သည်” ဟု ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့အပြင်  မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) နှင့် တခြားသတင်းရင်းမြစ်တွေအရသင်္ကြန်အပြီး ဆွေးနွေးပွဲ ပြန်စနိုင်မည်ဟုသိရကြောင်း ရန်ကုန်မြို့ တရုတ်သံရုံး၏ ကြေညာချက်တွင် ပြောဆိုထားသည်။

ထို့ကြောင့် အစိုးရနှင့် KIO ကြား ဆွေးနွေးပွဲကို ဧပြီလ ၂၂ နောက်ပိုင်းတွင် ပြန်လည်တွေ့ဆုံနိုင်ရန်ရှိပြီးကုလသမဂ္ဂ နှင့် ဗြိတိန်နိုင်ငံ၊ အမေရိန်ကန်ပြည်ထောင်စုနိုင်ငံများပါ၀င်ကာ ပြည်တွင်းတွင်သာ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း မြစ်ကြီးနား ကချင်အဖွဲ့အစည်းမှသိရှိရသည်။

Most read this week