ရှမ်းပြည်မြောက်ပိုင်း၌ KIA နှင့် အစိုးရတပ် ဆက်တိုက်တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း၌ KIA နှင့် အစိုးရတပ် ဆက်တိုက်တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း၌ အစိုးရတပ်များ မရပ်မနား အင်အားတိုးလှုပ်ရှားမှုများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်  တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကြောင်း ကြားသိရသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ တပ်ဖွဲ့များ။

ဧပြီ ၈ ရက် နံနက်ပိုင်းတွင် အစိုးရတပ်ဖွဲ့နှင့် KIA ၊ တအောင်း (ပလောင်) တပ်ဖွဲ့ စုပေါင်းတပ်တို့အကြား မူဆယ်ခရိုင် (တပ်မဟာ ၄ လက်အောက် တပ်ရင်း ၂ နယ်မြေ) အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

KIA တပ်မဟာ ၄ လက်အောက်ခံ အမှတ်  ၃၆ တပ်ရင်း ထိန်းချုပ်နယ်မြေဘက်သို့လည်း အစိုးရတပ် ခလရ ၂၄၂ နှင့် ခမရ ၅၆၈ များက ချဉ်းကပ်လှုပ်ရှားသာကြောင့် ယမန်နေ့ ညနေ ၃ နာရီမှ ၄ နာရီအထိ  တိုက်ပွဲဖြစ်ပွားသေး သည်ဟု ဆိုသည်။

“ကျနော်တို့ တပ်မဟာ ၄ ကို သင်္ကြန်မတိုင်ခင် ထိုးစစ်ဆင်မယ်လို့ကြားတယ်။ အဲဒါကြောင့် လားတော့ မသိဘူး။ သူတို့က အခု နေရာတိုင်းမှာ လှုပ်ရှားနေတယ်။ အခုတော့ နေ့တိုင်းတောင် ပစ်ခတ်ရတော့မယ်ထင်တယ်။ ဒီနေ့တော့ ၃ နေရာ တိုက်ပွဲဖြစ်တာပေါ့” ဟု တပ်မဟာ ၄ KIA အရာရှိတစ်ဦးကပြောသည်။

ထို့ပြင် နမ့်ခမ်းမြို့နယ်အတွင်းရှိ အစိုးရတပ်လက်အောက်ခံ ဦးကျော်မြင့်ဦးဆောင်သည့် ပန်ဆေးပြည်သူ့စစ်၏ ပန်ယော်တပ်စခန်းအားလည်း ရှမ်း၊ ကချင် နှင့် တအောင်း (ပလောင်) တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် လက်နက်နှင့်အတူပြည်သူ့စစ် ၂ ဦးအား ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အရှင်ဖမ်းဆီးရမိကာ ထိုစခန်းကိုလည်း မီးရှို့လိုက်ကြောင်း KIA အရာရှိက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး နေကြသော်လည်း တပ်မတော်စစ်ကြောင်းများ မရပ်မနားလှုပ်ရှားမှုများကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာခြင်းဖြစ်သည်ဟု အဆိုပါ KIA အရာရှိက ပြောသည်။

Most read this week