မြစ်ကြီးနားမြို့လုံခြုံရေးများလျော့ကာ ပြန်စည်ကားလာ

မြစ်ကြီးနားမြို့လုံခြုံရေးများလျော့ကာ ပြန်စည်ကားလာ
by -
ကချင်သတင်းဌာန

အစိုးရနှင့်ကချင်လွတ်မြောက်ရေးတပ်ကြား တင်းမာမှုကြောင့် လုံခြုံရေးတင်းကြပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုချိန် တင်းကြပ်မှုများလျော့လာပြီး ညတွင်လွပ်လပ်စွာပြန်လည်သွားလာခွင့် ရနေပြီဖြစ် ကြောင်း မြစ်ကြီးနားဒေသခံများကပြောသည်။

အစိုးရတပ်ဖွဲ့နှင့် KIA တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် မြစ်ကြီးနားမြို့ရှိ ဒေသခံများကို အစိုးရက မသင်္ကာမှု နှင့်ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ပြုလုပ်ကာ ညမထွက်ရ အမိန့်များသည်လည်း ဒေသခံများကြား သတင်းပျံ့နေသောကြောင့် အပြင်သို့မထွက်ရဲပဲ စိုးရိမ်ကြောက်ရွံ့ နေခဲ့ရာမှ ယခုပြန်လည်သွားလာနိုင်ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ထိုသို့မြစ်ကြီးနားဒေသခံများ လွပ်လပ်စွာသွားလာနိုင်ခြင်းသည် KIOနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီများ မတ်လ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်းမှ ပိုမိုသိသာလာသည်ဟု မြစ်ကြီးနား ဒေသခံ လူငယ်တစ်ဦးကပြောသည်။

“အခုတော့ အရမ်းပျော်သွားပြီ။ ကြောက်စရာမလိုတော့ဘူး။ ညမှာ လျှောက်လည်ရင်လည်းဘာမှဖြစ်တော့ ဘူး။ ဟိုတလောကဆို ညထွက်ဖို့မပြောနဲ့ ညမှောင်လာပြီဆိုရင်တောင် ဘယ်မှကိုမထွက်ရဲတာ။ သူများကို ဖမ်းတာကြားတော့ ကိုယ်လည်းကြောက်လို့ ဘယ်မှမသွားဘူး။ အခုတော့ ညဆိုရင်လည်း လမ်းတွေမှာ လူငယ်တွေပိုဆိုးတယ် အများကြီးပဲ သွားနေကြတာ။ ဒါပေမဲ့ ဖမ်းတာဘာညာ ဘာမှ မကြားတော့ဘူး” ဟုပြောသည်။

ထို့အတူ ယခင်က လုံခြုံရေးကြောင့် ပိတ်ထားရသော အင်တာနက်ဆိုင်များသည်လည်း ယခုအခါ ည ၁၀ နာရီခန့် ထိပြန်ဖွင့်လာကြောင်း မြစ်ကြီးနား ဆိုင်ရှင်တစ်ဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အရင်တိုက်ပွဲ မဖြစ်တုန်းကတော့ ည ၁၁ နာရီထိဖွင့်တယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်လာတော့ ည ရ နာရီထိဖွင့် သေးတယ်။ နောက်တော့ ပိုကြောက်လာရလို့ ပိတ်လိုက်ရတယ်။ အခုပြန်ဖွင့်ပြီ။ ဒါပေမဲ့ အရင်ကလောက်တော့ မစည်သေးဘူး။ ဒါပေမဲ့ နည်းနည်း နည်းနည်းတော့ ပြန်စည်လာပြီ” ဟု အင်တာနက်ဆိုင်ရှင်က ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေကို စိတ်ဝင်တစားမရှိသူများနှင့် လူငယ်အများစုက ထိုသို့သွားလာ နေခြင်း ဖြစ်သော်လည်း အချို့ဒေသခံများသည် ထိုသို့ လွတ်လပ်စွာ သွားလာရန် စိုးရိမ်မှုများရှိနေဆဲဖြစ်သည်ဟု မြစ်ကြီးနား ဒေသခံ လူကြီးတစ်ဦးကပြောသည်။

“အခြေအနေကို မသိတဲ့သူတွေက ဘယ်အချိန်ဖြစ်ဖြစ် ကြိုက်သလိုသွားနေတာပဲ အခုတော့။ ဒါပေမဲ့ တချို့က အခြေအနေ အချိန်ကိုကြည့်ပြီး သွားလာကြတယ်။ အခု လူငယ်တွေက လည်ချင်တဲ့လူတွေကမိုးလင်းပေါက် လည်တဲ့လူတွေတောင်ရှိတယ် ဘာမှတော့ မဖြစ်ဘူး။ ဒါပေမဲ့ အဲလိုတော့ မသွားသင့်သေးဘူးလေနော်”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တိုက်ပွဲဖြစ်ပွားလာချိန်မှစ၍ အစိုးရအာဏာပိုင်များမှ လုံခြုံရေးများကို တင်းကြပ်ထားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက် တိုက်ပွဲများပြင်းထန်နေချိန်အတွင်း ပေါ်တာဆွဲမှု၊ တပ်သားသစ်စု ဆောင်းမှုများကြောင့် ဒေသခံများစိုးရိမ်ကြောက်လန့်ပြီး ညမထွက်ရဲကြဘူး ဟု မြစ်ကြီးနားဒေသခံများပြော သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရကိုယ်စားလှယ်တို့  နောက်တကြိမ်ထပ်မံဆွေးနွေးလျှင် မြစ်ကြီးနားမြို့၌ တွေ့ဆုံနိုင်ရန် ပြင် ဆင်မှုပြုနေကြောင်း ကြားသိရပါသည်။

Most read this week