ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ ထိန်းချုပ်မြေ ဒတ်လက်ဘွမ် (Daklek Bum) ဘက် အစိုးရတပ်မတော် အင်အားဖြည့်လှုပ်ရှားလာမှုကြောင့် ယမန်နေ့ နံနက် ၁၀ နာရီမှ ညပိုင်းအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား ခဲ့သည်ဟု ဒေသခံများပြောပြ ချက်အရသိရသည်။
ရှောင်ဟော် (Shaung Haw) နှင့် ဒီမာ (Dima) ဘက်မှ အင်အား ၆၀ -၇၀ ခန့်ရှိ အစိုးရတပ် စစ်ကြောင်း ၅ ကြောင်း က တပ်ရင်း ၉ နယ်မြေ ဒတ်လက်ဘွမ် (Daklek Bum) ဘက် တက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းတပ်မဟာ ၄ အထက်ပိုင်း KIA အရှာရှိတစ်ဦးကပြောသည်။
အစိုးရတပ်အားစတင်မပစ်ခတ်ရန် ကေအိုင်အေ က ညွှန်ကြားထားသော်လည်း ကေအိုင်အေစခန်းရှိရာသို့ အစိုးရတပ် များအင်အားဖြည့်လှုပ်ရှားလာသောကြောင့် ပစ်ခတ်လိုက်ရခြင်းဖြစ်သည်ဟု ပြောသည်။
“အထက် လူကြီးတွေက ကားလမ်းပေါ်တွေမှာ သွားမပစ်နဲ့၊ အစိုးရတပ်စခန်းတွေမှာ သွားမပစ်နဲ့၊ ရွာတွေမှာအစိုးရ အဖွဲ့ တွေရှိရင်လည်း သွားမပစ်နဲ့လို့ပြောတယ်။ အခုတော့ ကျနော်တို့စခန်းမှာ သူတို့လာခဲ့တော့ပစ်လိုက်တာ ဟုတ်တယ်။ ဒီမနက်ကနေ ခုထိပဲ ခဏငြိမ်သွားလိုက် ပြန်ပစ်လိုက်နဲ့ ဒီမနက်တော့ စစ်ကြောင်း ၂ ခုပဲ အခုဆို ၃ ခုတောင်ဖြစ်လာတယ်။ အစက တောင်အောက်မှာပဲ ပစ်နေကြတာ အခုတော့ အပေါ်ရောက်လာပြီ” ဟုအထက်ပါ အရာရှိက KNG ကချင်သတင်းဌာနသို့ ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ မသိရပေ။
စစ်ရေးအရှိန်လျှော့ရန် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန် ကေအိုင်အို နှင့် မြန်မာအစိုးရ တို့သည် ဧပြီ ၁၀ ရက်နေ့ မတိုင်မီ ပြည်တွင်းတနေရာမှာ ထပ်တွေ့ဆုံဆွေးနွေးမည်ဟု ရွှေလီမြို့နောက်ဆုံးတွေ့ဆုံပွဲ၌ သဘောတူညီ မှုရရှိထားသော်လည်း ယနေ့တိုင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။