ရှမ်းပြည်နယ်(မြောက်) ၌ KIA တပ်အား အစိုးရတပ်ဆက်လက် ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်(မြောက်) ၌ KIA တပ်အား အစိုးရတပ်ဆက်လက် ထိုးစစ်ဆင်နေ
by -
ကချင်သတင်းဌာန

အစိုးရတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေသို့ ဆက်လက်၍ အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

kachin-army

ယမန်နေ့ နံနက် ၉ နာရီခွဲမှ ၁၁ ခွဲထိ   KIAနှင့် တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပူးပေါင်းပါ၀င်သည့် တပ်ပေါင်းစုများတို့က မုန်းဝီး Mung Wi လှုပ်ရှားနေသော အစိုးရတပ်စစ်ကြောင်း (အင်အား ၆၀ ခန့်) တို့ နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ပြောသည်။

"ကျနော်တို့နယ်မြေမှာ အစိုးရတပ်က အင်အားဖြည့်Operation လုပ်လာသလို နေရာတိုင်းမှာ လှုပ်ရှားလာ တယ်။  အင်အားက အဖွဲ့ ၁ ဖွဲ့မှာ ၅၀၊ ၆၀ နဲ့ စစ်ကြောင်းများစွာနဲ့ လှုပ်ရှားနေတယ်" ဟု တပ်မဟာ (၄) အရာရှိတဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသရှိ တရုတ်ရွာ တာဘန်ကုန်း (Tabang Kung)နှင့် ရှောင်ဘန်ကုန်း (Shaubang Kung) နေရာတွင် အစိုးရတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် နှစ်ဘက်တပ် ထိခိုက်သေဆုံးမှု မသိရှိရပါ။  KIA တပ်ရင်း (၈) နှင့် တပ်ရင်း (၃၄) နယ်မြေတွင် TNLA  နှင့် KIA တပ်ပေါင်းစုတို့ ပူးတွဲလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

ထို့ပြင် အစိုးရတပ်များနှင့် KIA တပ်မဟာ (၄) နယ်မြေ နမ်တောင်းဒေသ နမ်ဂတ် (Nam Gat) ရွာအပြန် ဘက်တွင်လည်း မတ်လ၂၉ ရက်နေ့ ညနေ ၅ ခွဲချိန်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုစစ်အင်အားများ ဆက်လက်တိုးချထားကြောင်း သိရသည်။

KIA ၏ ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ဖွဲ့ (၅) ထိန်းချုပ်နယ်မြေအတွင်း အင်အား ရ၀ ခန့်ရှိသော အစိုးရတပ်က မုန်ဘော်ပြည်သူ့စစ်တပ်ဖွဲ့ ၊ ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းလှုပ်ရှား နေသည်ဟုသိရသည်။ အစိုးရ၏ ပူးပေါင်းတပ်များသည် နမ်တောင်းဒေသ ရှဘွတ်ကောင်းခရားတွင် အယောက် ၄၀၊  ပန်းခါးတွင် ၅၀ ယောက်၊ နမ်ဂတ်တွင် အယောက် ၅၀၊ မော်တောင်းဘက်တွင် အယောက် ၅၀ စသဖြင့် အုပ်စုခွဲပြီးလှုပ်ရှားနေသည်ဟု ဆိုသည်။  

"လူအင်အားစုပြီး ရှေ့တန်းမှာ နည်းနည်းစီဖြည့်နေတယ်။ ရှေ့မှာရှိနေတဲ့သူတွေကိုလည်း ကျန်နေတဲ့သူတွေ ကို ပြန်စောင့်ပြီးနေတယ်။ တဆင့်ပြီးတဆင့် တိုးတိုးလာလို့ ကျနော်တို့နဲ့အနီးကပ်ဆုံးနေရာမှာ ရှိနေပြီ" ဟု MHH ပြည်သူ့စစ်အရာရှိ တဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ထို့အပြင် လားရှိုးဘက်မှ အစိုးရတပ် စစ်အင်အား ၂၀၀ ကျော်ကလည်း ဂစ်ပိုက်လိုင်းလုံခြံုရေးအတွက် နယ်မြေရှင်းလင်းရန် ကေအိုင်အေ နယ်မြေသို့ အင်အားထပ်ဖြည့် လာခြင်းဖြစ်သည်ဟု အဆိုပါ MHH အရာရှိက ပြောသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ယခုလ ဧပြီ ၁၀ ရက်မတိုင်မီ ထပ်မံတွေ့ဆုံရန် ပြောဆိုထားသော်လည်း ယခုချိန်ထိ ရက်သတ်မှတ်ခြင်းမရှိသေးပေ။ တိုက်ပွဲလျှော့ချရေးအတွက်အင်အား တိုးချဲ့မှု ထိုးစစ်ဆင်မှုမပြုလုပ်ရန် အစိုးရထံ ကေအိုင်အို ပေးစာပေးပို့ထားကြောင်း၊ အဆိုပါတွေ့ဆုံမည့် ကိစ္စအတွက်လည်း အကြို ညှိနှိုင်းမှုများလိုအပ်နေသေးကြောင်း ဒု-အထွေထွေအတွင်း ရေးမှူး-၂ လာနန် ပြောသည်။

Most read this week