အစိုးရတပ်၏နယ်မြေရှင်းလင်းရေးစီမံကိန်းကြောင့် ချိန်းဆိုထားသည့်အတိုင်းမတွေ့ဆုံနိုင်ဟု KIO ပြော

အစိုးရတပ်၏နယ်မြေရှင်းလင်းရေးစီမံကိန်းကြောင့် ချိန်းဆိုထားသည့်အတိုင်းမတွေ့ဆုံနိုင်ဟု KIO ပြော
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းတို့ ဧပြီလ ၁၀ ရက်မတိုင်မီ ထပ်မံတွေ့ဆုံရန် သဘော တူထားသော်လည်း လက်ရှိတိုက်ပွဲ များကြောင့် အဆင်သင့်မဖြစ်သေးဟု KIO ကပြောသည်။

“သူတို့က စစ်အင်အားလျှော့သွားတာမရှိဘူး။ အလှဲအလှယ်လုပ်တာနဲ့ လူသစ်လာတိုးချထား တာတွေက ဆက်တိုက်ကိုလုပ်နေတယ်။ ဒီလိုမျိုး လှုပ်ရှားတာတွေရှိတဲ့အတွက်ကြောင့် ဘယ်လိုမှ ရှောင်လွှဲမရလို့ ပစ်ခတ်တာတွေဖြစ်လာတယ်။ သူတို့ ခေါင်းစဉ်က နယ်မြေရှင် လင်းရေး။ စစ်ဆင်ရေးလှုပ်ရှားမှုဖြစ်တယ်။ အဲဒါကြောင့် မျှော်လင့်မထားတဲ့နေရာတွေမှာ ပစ်ခတ်တာ တွေဖြစ်လာတယ်” ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဒု-အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။

KIO နှင့် အစိုးရ မတ်လ ၁၁ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့သဘောတူ ထားခြင်းဖြစ်သော် လည်း ညှိနှိုင်းစရာများရှိနေသေးသောကြောင့် သင်္ကြန်မတိုင်မီ ထပ်မံ တွေ့ဆုံရန် မဖြစ်နိုင်သေးဘူးဟု ပြောခွင့်ရ ဦးလာနန်က ဤကဲ့သို့ဆက်ပြောသည်။

 “ဒီဧပြီလ ၁၀ ရက်အတောအတွင်း သင်္ကြန်မတိုင်ခင်မှာ တွေ့ရအောင်ဆိုပြီး သူတို့အနေနဲ့ပြော တာတော့ ဟုတ်တယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ရက်အတိအကျမသတ် မှတ်သေးဘူး။ ဘယ်မှာတွေ့မယ်ဆိုတဲ့နေရာ လည်း မဆုံးဖြတ်ရသေး ဘူး။ တခြားဆွေးနွေးတိုင်ပင်စရာ တွေရှိသေး တဲ့အတွက်ကြောင့် အခုချိန်ထိ ဘာမှ မဆုံးဖြတ်ရသေးဘူး”

ထို့ပြင် KIO ထိန်းချုပ်နယ််မြေများအတွင်း လမ်းဖောက်လုပ်ခြင်းကိစ္စ၊ စစ်အင်အားတိုးချ လှုပ်ရှားခြင်းကိစ္စ မပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီထံ အကြောင်းကြားထားသည်ဟု ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် မြန်မာအစိုးရတို့သည် ပြီးခဲ့သည့် မတ်လ (၁၁-၁၂) တွင် တရုတ်နိုင်ငံရွှေလီမြို့၌ နှစ်ဘက်စလုံးစစ်ရေးလျှော့ရန်သဘောတူထားကြသော်လည်း ယခုချိန်ထိ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေနှင့် ပန်ဝါဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် သည်။

Most read this week