မြစ်ကြီးနား တပ်ကုန်းဒုက္ခသည်များ နေ.စဉ်အသက်ရှင်နေထိုင်ရေးအခက်တွေ.

မြစ်ကြီးနား တပ်ကုန်းဒုက္ခသည်များ နေ.စဉ်အသက်ရှင်နေထိုင်ရေးအခက်တွေ.
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ စစ်ရှောင်စခန်းမှ ဒုက္ခသည်များ နေ့စဉ်အသက်ရှင် နေထိုင်ရေးအတွက် အခက်ခဲများရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်း တာဝန်ခံ မှသိရသည်။

တပ်ကုန်းရပ်ကွက်ရှိ ဂါလီလဲစစ်ရှောင်စခန်းတွင် ရေတွင်းတစ်ခုကိုသာ အားလုံးပေါင်းပြီး အသုံးပြုနေရာ ထိုစခန်းတွင် လူဦးရေထပ် တိုးလာကာ ရေမလုံလောက်မှုဖြစ်နေကြောင်း သိရသည်။

“အရင်ကရေတွင်း ၂ ခုရှိတော့အဆင်ပြေနေသေးတယ်။ လူထပ်တိုးမှ ရေဘုံဘိုင်တစ်ခုလည်း ပြန်ပျက်သွား တယ်။ ရေတိုင်ကီက မကြီးတော့အမြဲပြည့်အောင် မဖြည့်ထားနိုင်ဘူး။ မီးကပုံမှန် မလာတော့ရေတိုင်ကီထဲဖြည့် ဖို့မလွယ်ဘူး” ဟု ဂါလီလဲ စခန်းမှတာဝန်ခံ ဦးထိန်ဆန်းကပြော သည်။

၄င်းကဆက်ပြီး စခန်းများတွင် အိမ်သာ မလုံလောက်သော အခက်ခဲလည်းရှိနေဆဲဖြစ်သည်ဟုဆက်ပြော သည်။

“အိမ်သာမလောက်ဘူးလို့ပြောရမှာပေါ့၊ ကလေးတွေက အိမ်သာအပြင်မှာ သွားနေကြဆဲ အဆင့်ဆိုတော့။ ဒါပေမဲ့အိမ်သာကိုတော့ World Concern အဖွဲ့ အကူအညီနဲ့ ၂လုံးပြန်ပြီး လုပ်ဖို့တော့ပြင်နေတယ်” ဟု စခန်းတာဝန်ခံကပြောသည်။

ဂါလီလဲ စစ်ရှောင်စခန်းတွင် စုစုပေါင်းလူဦးရေ (၁၄၀) ယောက်ရှိပြီး အိမ်ထောင်စု (၃၁) စုရှိကြောင်း သိရသည်။မြစ်ကြီးနားရှိ စစ်ရှောင်စခန်းအားလုံးတွင် ရေတွင်းနှင့်အိမ်သာ မလုံလောက်သော အခက် အခဲများသည် စခန်းတိုင်းလိုလို၌ဖြစ်နေကြောင်း ဒုက္ခသည် စခန်းများမှ သိရသည်။ ထိုသို့ ရေနှင့်အိမ်သာ မလုံလောက်ပြဿနာသည် တကိုယ်ရေသန့်ရှင်းမှုနှင့် ပဝန်းကျင် သန့်ရှင်း မှုနည်းပါးလာကာ ကျမ်းမာရေး ထိခိုက်စေနိုင်သည်ဟု ဒုက္ခသည် စခန်းရှိကျမ်းမာ ရေးဌာနမှဆိုသည်။

အဆိုပါစစ်ရှောင်စခန်းရှိ လူငယ်အချို့သည်လည်း ငွေအခက်ခဲဖြစ်နေသောကြောင့် ၀င်ငွေ ရရန်စခန်းအပြင် သို့ထွက်ကာ အလုပ်ရှာလိုနေကြသည်။

သို့သော်စခန်းလုံခြံုရေးအရ အပြင်သို့ ခရီးထွက်ကာ ငွေရှာခွင့်တားဆီးထားသောကြောင့် နေ့စားအလုပ်ဖြင့် လိုအပ်သော အသုံးဆောင်ပစ္စည်းများဝယ်ယူရန် အခက်ခဲဖြစ်နေသည်ဟု လူငယ်များက ပြောသည်။

“နေ့စားအလုပ်က ရှားတယ်။ တစ်နေ့လုံး မြတ်ခုတ်သန့်ရှင်းရေးလုပ်မှ ၃ ထောင်ပဲရတယ်။ ဒီအလုပ် ကပုံမှန်မရှိပြန်ဘူး။စခန်းထဲမှာ မိန်းကလေးတွေဆိုဘာမှတောင်မလုပ်နိုင်ဘူး။ လူငယ်တွေအတွက် စဉ်းစားပေးစေချင်တယ်” ဟု ဂါလီလဲ စခန်းမှအသက် ၂၄ အရွယ်ခန့် လူငယ်တစ်ယောက်ကပြောသည်။

အစိုးရထိန်းချုပ်နယ်မြေ များရှိ ဒုက္ခသည်စခန်းတွင် ဆက်လက်၍ အကူညီများလိုအပ်နေဆဲ ဖြစ်ပြီး မြို့နယ်အသီးသီးရှိ စစ်ရှောင်စခန်းနှင့်ပတ်သက်၍ တာဝန်ခံများ အစည်းအဝေးပြုလုပ် ရာတွင်အစိုးရမဟုတ် သော အဖွဲ့အစည်းများ၏ ထောက်ပံ့မှုပုံမှန်မရရှိသေးသောကြောင့် မိုးကောင်းမြို့နယ် စစ်ရှောင်စခန်းများတွင် အစားအသောက်ခက်ခဲမှုများနှင့် ဝိုင်းမော်မြို့နယ် စစ်ရှောင်စခန်းများတွင် ထင်းများခက်ခဲနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။

Most read this week