KIO နယ်မြေရှိ ဒုက္ခသည်များ ပညာရေး ဗကသ ကူညီ

KIO နယ်မြေရှိ ဒုက္ခသည်များ ပညာရေး ဗကသ ကူညီ
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့ရှိ  ဒုက္ခသည်များကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) မှလာရောက် ကြည့်ရှု၍ ပညာရေးနှင့် ပတ်သက်သည့် ကူညီမှုများ ပေးခဲ့ကြောင်း သိရသည်။

မတ်လ (၂၇) ရက်နေ့က ရန်ကုန်မြို့မှ ရောက်ရှိလာသည့် ဗကသ အဖွဲ့ဝင်များက စစ်ပြေးဒုက္ခသည် ကလေးများ၏ ပညာရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား လာရောက် လေ့လာခြင်း ဖြစ်ကြောင်း ဗကသ ဒု-ဥက္ကဌ ကိုမိုးထက်နေက အခုလို ပြောဆိုသည်။

“အဓိကတော့ ကျနော်တို့ ကချင်ဒုက္ခသည်စခန်းမှာ ရှိတဲ့ ကျောင်းသားတွေရဲ့ ပညာရေး ကိစ္စမှာ ဘာတွေပူးပေါင်း ဆောင်ရွက်နိုင်မလဲ။ ဘာတွေလုပ်ပေးနိုင်တာရှိလဲ ဆိုတဲ့ ဟာတွေကို လာပြီးတော့ လေ့လာတာပါ။ ပြီးတော့ ကျနော်တို့ ရန်ကုန်မြို့နယ်တွေက ကချင်စစ်ပြေး အတွက်ပေါ့နော်။ လိုက်ပြီး အလှူခံထားတာ ရှိပါတယ်။ အဝတ်အစားနဲ့ ငွေ ၁၄ သိန်းရှိပါတယ်။ အဝတ်အစားကိုတော့ ရန်ကုန်က ကချင်ကွန်ယက်တွေနဲ့ လှမ်းပို့ထား ပါတယ်။ အဲဒါက အချိန်ကျရင် သူတို့လာပေးမှာပါ။ ငွေကိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သုံးဖို့အတွက် မနက်ဖြန် ကျနော်တို့ လှူပါမယ်”

ယင်းအဖွဲ့အား မတ်လ (၂၈) ရက်နေ့က လိုင်ဇာဒေသနှင့် အနီးတဝှိုက်ရှိ ဒုက္ခသည် ကျောင်းများသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း လိုင်ဇာရှိ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးဒွဲပီဆာက ပြောဆိုသည်။

“ဒီနေ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ လိုက်ခေါ်သွားတယ်။ သူတို့က ပညာရေးကျောင်းနဲ့ ပတ်သက်ပြီး လာလေ့လာတယ်ဆိုလို့ ကျောင်းတွေကို လိုက်ခေါ်သွားတယ်။ ကျောင်းပိတ်ပြီဆိုတော့ ကျောင်းဆရာတွေနဲ့ လိုက်တွေ့ပေးတယ်။ ကျောင်းဆရာတွေက သူတို့ အဖြစ်အပျက် အတွေ့အကြံုတွေကိုပြောပြတယ်။ သူတို့လည်း မှတ်ယူတယ်။ သိချင်တာတွေမေးကြတယ်”

စာသင်ကျောင်းများ အပါအဝင် စာရေးကရိယာနှင့် ကျောင်းသုံးပစ္စည်း မလုံလောက်သည့် ပြဿနာများ တွေ့ရှိကြောင်းနှင့် ယင်းကိစ္စအား ရန်ကုန်နှင့် မန္တလေးမြို့များတွင် သတင်းစာ ရှှုင်းလင်းပွဲပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

ထို့အပြင် ဗကသအား ခရိုင် (၁၆) ခုတွင် ဖွဲ့စည်းထားသလို ယင်းခရိုင်များရှိ အဖွဲ့ဝင် ကျောင်းသားများထံ ကချင်ဒုက္ခသည်များ ကြံုတွေ့နေရသည့် အခက်အခဲများ ရှင်းလင်း တင်ပြ၍ ကူညီပေးနိုင်မည့် နည်းလမ်းများ ရှာဖွေ ထောက်ပံ့သွားမည်ဟုလည်း ကိုမိုးထက်နေက ပြောဆိုသည်။

ထို့အပြင် စစ်ပွဲ ဖြစ်ပွားရခြင်း၏ အဓိကအချက်မှာ တိုင်းရင်းသား လူမျိုးစုများအကြား တန်းတူညီမျှမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းကိစ္စ လက်ရှိ အစိုးရထံ တင်ပြသွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီစစ်ဖြစ်တာကလဲ ကျနော်တို့ ရှင်းရှင်းလင်းလင်းမြင်တာက တူညီတဲ့အခွင့်အရေးတွေ မရှိလို့ ဖြစ်တယ်လို့ မြင်ထားပါတယ်။ မတူညီတဲ့ အမြင်တွေ ကွဲပြားတဲ့ အမြင်လိုအပ်ချက် တွေ ရှိနေတယ်။ အဲဒီရှိတဲ့ဟာကို စစ်ရေးအားဖြင့် ရှင်းလို့မရဘူး။ စစ်ရေးနဲ့က တိုင်းရင်းသားဒေသ ပြည်သူတစ်ရပ်လုံးကို ထိခိုက်တယ်။ အဲတော့ တူညီတဲ့ အခွင့်အရေး ပေးတယ်ဆိုရင် ဘယ်သူမှ စစ်တိုက်မှာမဟုတ်ဘူး။ စစ်တိုက်ဖို့လည်းလိုမှာ မဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့တိုင်းရင်းသား လူမျိုးစုကြားမှာ တန်းတူညီမျှမှု ရှိဖို့လိုတယ်။ အဲဒီဟာအတွက်လည်း ကျနော်တို့ အစိုးရကို တောင်းဆိုသွားမှာဖြစ်တယ်”

လောလောဆယ်တွင် KIO နယ်မြေအတွင်းရှိ လိုင်ဇာ၊ မိုင်ဂျာယန်နှင့် အင်ဂွန်လ ဒေသများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူကျောင်းသား (၂၀၀) ကျော်ရှိကြောင်း သိရပြီး အစိုးရနှင့် KIO တို့ တိုက်ပွဲများ ဖြစ်ပွားနေ၍ ယမန်နှစ်ကလည်း စာမေးပွဲ ဖြေခွင့် မရခဲ့ကြောင်း သိရသည်။

ယင်းကျောင်းသားများ၏ ပညာရေးပိုင်း နစ်နာမှု မရှိစေရန် KIO ပညာရေးဌာနမှ မေးခွန်းများ ထုတ်၍ လာမည့် ဧပြီလ (၁) ရက်နေ့မှစတင်ပြီး စာမေးပွဲ ဖြေဆိုနိုင်ရန် စီစဉ်ထားကြောင်း လိုင်ဇာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျာမိုင်က ပြောဆိုသည်။

ထို့အပြင် “ကျမတို့ကလေးတွေကလည်း မြန်မာနိုင်ငံရဲ့တက္ကသိုလ်ကို တက်ခိုင်းစေချင် တာပေါ့။ ကျမတို့ ကလေးတွေကို သူတို့အနာဂတ်အတွက် စစ်ရေးကြောင့် နိုင်ငံရေးကြောင့် အဲလိုဖြစ်တယ်ဆိုရင်လည်း ပညာရေးမှာ ကျမတို့ကို ဒီလို ပြစ်မထားတာကို လိုချင်တယ်လို့ အဲလိုပဲပြောချင်တယ်” ဟု ဒေါ်ဂျာမိုင်က ပြောဆိုသည်။

လိုင်ဇာသို့ ရောက်ရှိလာသူများအနက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ၆ ဦး နှင့် ရွှေရောင်တွဲလက်များ အဖွဲ့မှ ၂ ဦး၊ စုစုပေါင်း ၈ ဦး ပါ၀င်သည်။

Most read this week