၀ုိင်းမော်မြို့နယ် နှစ်ခြင်းဖွံ့ဖြိုးရေးခြံရှိ ဒုက္ခသည်များ ထင်းအခက်အခဲဖြစ်

၀ုိင်းမော်မြို့နယ် နှစ်ခြင်းဖွံ့ဖြိုးရေးခြံရှိ ဒုက္ခသည်များ ထင်းအခက်အခဲဖြစ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ် အပါအဝင် မုံနာစသည့် ကချင်နှစ်ခြင်း ခရစ်ယာန် ဖွံ့ဖြိုးရေးခြံများတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များ ထမင်းဟင်း ချက်ပြုတ်စားသောက်ရန် ထင်းနှင့် လျှပ်စစ်မီး အခက်ခဲဖြစ်နေကြောင်း သိရသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အဟာရအတွက် ၁ လလျင် ဒုက္ခသည် ၁ ဦးကို ကျပ် ၆၀၀၀ ထောက်ပံ့ပေးသည့် အနက် ထင်းများဝယ်ယူ သုံးစွဲနေရသဖြင့် ရေရှည်တွင် ပို၍ ခက်ခဲ လာနိုင်ကြောင်း စခန်းတွင်းမှ ဆရာတဦးက ပြောသည်။

“အစက အတူအတူ ပေါင်းချက်စားတယ် အဲ့အချိန်တော့ ထင်းက နည်းနည်းသက်သာတယ်။ အခုက ကိုယ့်ဖာသာကိုယ် ချက်စားတော့ ထင်းပြဿနာက နေ့တိုင်းဘဲရင်ဆိုင်နေရတယ်။ ကိုယ့်အခန်းကိုယ် ကိုယ့်မိသားစုတွေနဲ့ချက်စားတာ”

၎င်းဒုက္ခသည် စခန်းတွင် အိမ်ခြေ ရ၀၀ ခန့်နှင့် လူဦးရေ ၁၄၂၀ ခန့်ရှိပြီး သောက်သုံးရေလည်း လုံလောက်မှု မရှိကြောင်း ဒုက္ခသည်စခန်းမှ ဆရာခေါင်ဒေါင်က KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အစက ဒုက္ခသည်တွေအတွက် ရေတွင်း ၁ ခုပဲရှိတယ် နောက်ပြီး ၂ ခုပြန်တူးတယ် ခုထပ်တူးနေကြတယ်။ နွေရာသီဆိုတော့ ရေတွေက ခက်ခဲတာတွေနေရှိတယ်”

ထို့အပြင် ရာသီဥတုပူပြင်းလာသလို ဒုက္ခသည်စခန်းအတွင်း လျှပ်စစ်မီးမရသည့်အတွက်  ဖရောင်းတိုင်မီး ကိုသာ အသုံးပြုနေရသဖြင့် စခန်းအတွင်း မီးဘေးအန္တရာယ် စိုးရိမ်ရကြောင်း စခန်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စခန်းများမှ ဒုက္ခသည်များသည် ဝိုင်းမော်၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဖားကန့်နှင့် ဗန်းမော်မြို့နယ်များမှ ထွက်ပြေးလာကြပြီး ၂၀၁၂ ခုနှစ် ဇွန်လပိုင်းကစ၍ မုံနာ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

လောလောဆယ် ဝိုင်းမော်နယ် နှစ်ခြင်းအသင်းတော်တွင် ဒုက္ခသည် ၆၀ ကျော်ကျန်ရှိနေပြီး ၎င်းတို့ အနေဖြင့် ဧပြီလဆန်းပိုင်းတွင် မုံနာ ဖွံ့ဖြိုးရေးခြံသို့ ရွေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။

Most read this week