လိုင်ဇာဒေသသို့ စီးပွားရေးသမားများ ပြန်လည် ၀င်ရောက်လို

လိုင်ဇာဒေသသို့ စီးပွားရေးသမားများ ပြန်လည် ၀င်ရောက်လို
by -
ကချင်သတင်းဌာန

ပွင့်လင်းရာသီ ရောက်သည်နှင့် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လူစည်ကားလာပြီး တရုတ်ကုန်သည် စီးပွားရေးသမားများနှင့် ကချင်စီးပွားရေးသမား အယောက် (၂၀)ကျော်က ၄င်းတို့လုပ်ငန်းအတွက် နေရာများ နေ့စဉ် လိုက်လံရှာဖွေနေကြောင်း လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် ကပြောသည်။

“ဒီရက်ပိုင်းမှာ လိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင်စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ်ရက်ပြီးတစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူများတွေထက် ကုုိယ်ဦးအောင်ဆိုပြီး အုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု ဦးဂရန်နော်အောန် က KNG ကချင်သတင်းဌာနသို့ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးအသံများ ကြားနေရပြီးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ဆွေးနွေးပွဲ ပြီးချိန်မှစ၍ အဆိုပါ ကချင်နှင့် တရုတ်စီးပွားရေး သမားများက တစ််နေ့ထက် တစ်နေ့ လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးသို့ လာရောက်မေးမြန်း ကြောင်းသိရသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းက လိုင်ဇာမြို့အနီးတဝှိုက် ပြင်းထန်သည့် စစ်ပွဲများဖြစ်ပွားခဲ့ရာ လိုင်ဇာမြို့ခံများ အပါအဝင် စစ်ဘေး ရှောင်တိမ်းလာသူများက မိမိတို့လုံခြံုရာ ဒေသများသို့  ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှမ်းပြည်နယ်မှ အထည်ဆိုင်ဖွင့်နေသူ ဒေါ်အထွယ်က ပြောဆိုသည်။

“အရင်လတွေမှာဆိုရင် ဘယ်သူမှမရှိတော့ဘူး။ ကျွန်မတို့လည်း တရုတ်ပြည်ဘက်ပြေးသွားရတယ်။ အခုမှ ငြိမ်းချမ်းရေးသံတွေ ကြားရလို့ စိတ်ချနိုင်လောက်ပြီဆိုမှ စျေးဆိုင်ပြန်လာဖွင့်တယ်” လို့ ပြောဆိုသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲကြောင့် စီးပွားရေးလုပ်ငန်းများ ခေတ္တ ငြိမ်သက်သွားခဲ့ရာ ယခု လအစောပိုင်းမှ စတင်၍ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းဖြစ်သည်။

တဖက်တွင်လည်း အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ကြား တင်းမာမှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး ယခုနောက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများမှာ အစိုးရတပ်ဖက်မှ လူအင်အားဖြည့်၍ နယ်မြေ တိုးချဲ့လာခြင်းကြောင့် ဖြစ်သည်ဟု KIA အထက်အရာရှိများက ပြောဆိုသည်။

Most read this week