ကချင်ပြည်နယ် ပန်ဝါနှင့် ရှမ်းမြောက်ဒေသများတွင် တိုက်ပွဲဖြစ်နေဆဲ

ကချင်ပြည်နယ် ပန်ဝါနှင့် ရှမ်းမြောက်ဒေသများတွင် တိုက်ပွဲဖြစ်နေဆဲ
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်တို့ စစ်ရေးအရှိန် လျော့ချရန် သဘောတူ ထားသော်လည်း ကချင်ပြည်နယ် ပန်ဝါ ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့ဝင်များနှင့် ဒေသခံ နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်း၍ လှုပ်ရှားလာမှုကြောင့် KIA တပ်ဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) ပန်ဝါဒေသဘက်တွင် မတ်လ (၂၅) ရက်နေ့ ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပန်ဝါဒေသမှ အမည်မဖော်လိုသည့် KIA အရာရှိ တဦးက ပြောဆိုသည်။

“ကျနော်တို့ နေရာယူထားတဲ့ စခန်းမှာ သူတို့ ရောက်လာလို့ ကျနော်တို့ remote ဗုံးနဲ့ ဖောက် လိုက်တာ။ အဲတော့ သူတို့ဘက်နေပြီး လက်နက်ကြီး မော်တာနဲ့ပြန်ပစ်တယ်။ ၃၀ မိနစ်လောက် ပစ်ခတ်ကြတယ်။ အဲဒီနောက် မနေ့ညကနေ တစ်ညလုံး နေရာယူနေကြတာ အခုထိပဲ။ ဒီမနက်လည်း လက်နက်နဲ့ အင်အားတွေ လာတိုးချမယ်ဆိုပြီး ဇုတ်လန်းဘက်မှာ ကား ၆၀ ရောက်နေတယ်တဲ့” ဟု အထက်ပါ KIA အရာရှိက KNG ကချင်သတင်းဌာန သို့ပြောသည်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၇ နယ်မြေရှိ KIA တပ်ဖွဲ့ဝင်များ တည်ရှိသည့် မန်ကန်း-လွယ်ဟူးမုန်း နေရာသို့ အစိုးရတပ် ခမရ ၃၂၄ တပ်ဖွဲ့များ ထိုးစစ်ဆင် ချဉ်းကပ်လာသောကြောင့် ယမန်နေ့ မနက် ၆ နာရီမှ ၈ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ (၄) မှ အရာရှိ တဦးက ပြောဆိုသည်။

ထို့အပြင် မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲမှ ၅ နာရီဝန်းကျင်ထိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ရှိ ခလရ ၁၄၅ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

“၂၄ ရက်နေ့တော့ အစိုးရတပ်တွေ မန်လွမ်ဘက်ကနေ ကျနော်တို့နေတဲ့ နေရာကို တက်လာလို့ ပစ်လိုက်တာ။ ၂ နာရီလောက်ပစ်ခတ်ကြပြီး သူတို့တပ်ဖွဲ့ နောက်ဆုတ်သွားတယ်။ သူတို့ နောက်ဆုတ် သွားတော့ သိန်းဒန်ဘက်ကနေ နောက်အစိုးရစစ်ကြောင်း တစ်ခုပြန်တက်လာတယ်။ အဲဒီပြန်တက်လာတဲ့ အဖွဲ့နဲ့ မနေ့က မနက်ပိုင်းမှာ ပြန်ပစ်ခတ်ကြတယ်။ သူတို့လဲ ပြန်နောက်ဆုတ်သွားတယ်။ အစိုးရတပ်ဖွဲ့တွေက ကျနော်တို့နေရာယူနေတဲ့ နေရာတိုင်းမှာ လိုက်လိုက်နေတာ။ သူတို့လိုက်လို့ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တော့ ပစ်ခတ်ဖြစ်သွားတာ” ဟု အထက်ပါ KIA အရာရှိက ပြောသည်။

ထိုနေ့ တရက်တည်းတွင် KIA တပ်ရင်း ၁၇ နယ်မြေ အခြားနေရာ တခုရှိ KIA တပ်ဖွဲ့များ နေရာယူထားသည့် နမ်ယူးဘွမ်အနီးသို့ အစိုးရ ခလရ ၂၉၀ တပ်ဖွဲ့ အင်အား ၁၀၀ ခန့်က ချဉ်းကပ်လာသောကြောင့် ညနေ ၄ နာရီခွဲ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပြီး တရက်တည်း တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့သည်။

လက်ရှိ တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရတပ်ဘက်မှ ဒေသတွင်း လက်နက်နှင့် လူအင်အား ဖြည့်တင်းနေသည့်အပြင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု KIA ဘက်က ပြောဆိုသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များအကြား မတ်လ ၁၁-၁၂ ရက်နေ့ တွေ့ဆုံပွဲမှ အပစ်အခတ် ရပ်စဲရေး အတွက် နှစ်ဖက် အောက်ခြေတပ်များ အထိ ညွန်ကြားသွားရန် သဘောတူခဲ့ကြသည်။

Most read this week