ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် ကလေးငယ်များ အတွက် အရေးတကြီး ဆေးဝါးများလိုအပ်

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် ကလေးငယ်များ အတွက် အရေးတကြီး ဆေးဝါးများလိုအပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ တရုတ်နယ်စပ်မှ ဇိုုင်းအောင် (Zai Awng) ဒုက္ခသည် စခန်းတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော၊ နှာစေးချောင်းဆိုးခြင်းနှင့် အရေပြား ရောဂါ ဖြစ်ပွားနေသောကြောင့် အရေးပေါ် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။

sadung refugee

မတ်လဆန်းပိုင်းမှ ဖျားနာမှုပိုမိုများလာခြင်းဖြစ်ပြီး လောလောဆယ်တွင် နှာစေးချောင်းဆိုးဖြစ်ပွားသူ အယောက် ၂၀ ကျော်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀ ယောက်ခန့်ရှိပြီး ၅ နှစ်အောက်ကလေးငယ် ၁၁ ဦးမှာ ဝက်သက်ရောဂါ ဖြစ်ပွားနေကြောင်း ဆေးပေးခန်း တာဝန်ရှိသူများက ပြောဆိုသည်။

နေ့စဉ် ဇိုင်းအောင် (Zai Awng) ဆေးပေးခန်းသို့  လူနာ အယောက် ၃၀ ကျော် ရောက်ရှိနေသော်လည်း ဆေးဝါးမလုံလောက်မှုကြောင့် အခက်ကြုံနေကြောင်း ဆေးခန်း တာဝန်ရှိသူ ဆရာ ယော်ထုံ က KNG ကချင်သတင်းဌာနသို့ ပြောသည်။

“အခုနှာစေးချောင်းဆိုးနဲ့ ၀မ်းရောဂါဖြစ်နေတဲ့သူတွေများတယ်။ သူတို့ကိုပေးဖို့ဆေးက လုံလောက်မှုမရှိဘူး။ ၀က်သက်ဖြစ်နေတဲ့ သူတွေကိုလည်း ဘာဆေးမှ မပေးတတ်ဘူး။ ကလေးငယ်က တစ်ညမှာ ၂ ကြိမ်လောက် အဖျား အရမ်းတက်တာတွေဖြစ်နေတယ်။ အဖျားတက်လာချိန်မှာ အဖျားကျဆေးတိုက်ပေးရုံနဲ့ ရေပတ်ပဲ တိုက်ပေးနေတယ်။ ကလေးတွေအတွက် အားဆေးတွေ လိုအပ်နေတယ်” ဟု ဆိုသည်။

ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖုံထူခြင်း၊ ရေလုံလောက်စွာမရရှိခြင်း အခက်ခဲများကြောင့် ရောဂါပျံ့ပွားလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သုံးသပ် ပြောဆိုသည်။

ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်း အောက်ဖက်ရှိ မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းမှ ၄ နှစ် အရွယ် ကလေးငယ်တဦး တကိုယ်လုံး ကျောက်ပေါက်၍ အရေကြည်ဖုများ ဖြစ်ပွားခဲ့ရာ လိုင်ဇာ (Laiza) ပြည်သူ့ဆေးခန်းသို့ ပို့ဆောင်ခဲ့ရပြီး ယမန်နေ့က ဇိုင်းအောင် စခန်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ကျန်းမာရေး တာဝန်ရှိသူတဦး က ပြောသည်။

အဆိုပါစခန်းများကို တရုတ်ပြည်မှ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်များက လာရောက်ကြည့်ရှု၍ ဆေးဝါးအနည်းငယ် ထောက်ပံ့ပေးခဲ့သော်လည်း မလုံလောက်ကြောင်းနှင့် အချိန်မှီ ကုသပေးနိုင်ရန် ဆေးဝါးများ လိုအပ်နေကြောင်း ကျန်းမာရေး ၀န်ထမ်းများက ပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ အစားအသောက်များကို ကူညီပေးနေသော်လည်း ဆေးဝါးကူညီမှု မရသည်မှာ ၅ လ ရှိပြီဖြစ်ကြောင်း သိရသည်။

ဇိုင်းအောင် (Zai Awng) ဒုက္ခသည် စခန်းတွင် လူဦးရေ ၂,၅၅၆ ဦး ခိုလှုံနေပြီး အစိုးရနှင့် KIO နှစ်ဖက် တပ်ဖွဲ့များ အခြေအနေ တင်းမာနေသဖြင့် ကူညီပေးသူများအတွက် လုံခြံုရေးအရ သွားလာရန် ခက်ခဲသည့် ဒေသ ဖြစ်သည်။

Most read this week