UNHCR က မြန်မာဒုက္ခသည်များကို တွေ့ဆုံ

UNHCR က မြန်မာဒုက္ခသည်များကို တွေ့ဆုံ
ဘင်္ဂလာဒေ့ချ်နိုင်ငံ ဒက္ကားမြို့ရှိ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် မြန်မာနိုင်ငံမှ ရောက်ရှိနေသော မြန်မာ ဒုက္ခသည်များနှင့် UNHCR မှ အရာရှိများ တွေ့ဆုံ ဆွေးနွေး ပွဲတရပ်ကို အသစ် ဖွင့်လှစ်သော UNHCR ရုံးသစ်တွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ ...

မောင်ရမ္မာ (နိရဥ္စရာ) ဘင်္ဂလာဒေ့ချ်နိုင်ငံ ဒက္ကားမြို့ရှိ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် မြန်မာနိုင်ငံမှ ရောက်ရှိနေသော မြန်မာ ဒုက္ခသည်များနှင့် UNHCR မှ အရာရှိများ တွေ့ဆုံ ဆွေးနွေး ပွဲတရပ်ကို အသစ် ဖွင့်လှစ်သော UNHCR ရုံးသစ်တွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကုလသမဂ္ဂ မဟာမင်းကြီးရုံး မှ အရာရှိများနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ် ခိုလှုံနေကြ သော ရခိုင်၊ ချင်း၊ ဗမာ ဒုက္ခသည်စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကုလသမဂ္ဂ မဟာမင်းကြီးရုံး အရာရှိက “ ကုလသမဂ္ဂ မဟာမင်းကြီးရုံး နဲ့ ဒုက္ခသည်တွေ အရေး ဆောင်ရွက်လုပ်ကိုင်ရာမှာ အရင်ကလို တဆင့်ခံ အဖွဲ့အစည်းတွေနဲ့ မလုပ်တော့ဘဲ ကုလသမဂ္ဂ မဟာမင်းကြီးရုံး က တိုက်ရိုက် ကိုင်တွယ် ဖြေရှင်း သွားမှာဖြစ်တယ်။ ဒုက္ခသည်တွေ အနေနဲ့ မိမိတို့ လိုအပ်တဲ့အရာများကို ကုလသမဂ္ဂ မဟာမင်းကြီးရုံး နှင့် တိုက်ရိုက် လာရောက်ဆွေးနွေးနိုင်တယ်။ ကုလသမဂ္ဂ မဟာမင်းကြီးရုံး အနေနဲ့ ဒုက္ခသည်တွေ မိမိဘဝရပ်တည်နိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်” ဟု ပြောသည်။

ယင်းအပြင် ကုလသမဂ္ဂ မဟာမင်းကြီးရုံးအနေဖြင့် မြန်မာ ဒုက္ခသည်များ အတွက် ပေါ်လစီ အပြောင်းအလဲ ပြုလုပ်ရန် အစီအစဉ်ရှိနေပြီး အဆိုပါ ပေါ်လစီကို မတ်လ ၃၁ ရက်နေ့ မတိုင်မှီ ထုတ်ပြန် ကြေငြာ သွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသွားသည်။

ယခုအခါ ကုလသမဂ္ဂ မဟာမင်းကြီးရုံးအနေဖြင့် မြန်မာ မြို့ပေါ် ဒုက္ခသည်များအတွက် သင်တန်း နှစ်ခု ပြုလုပ်ရန် စီစဉ်ထားပြီး သင်တန်းများမှာ (၂) နှစ် ကြာမြှင့်မည့် စက်မှုလက်မှု အတတ်ပညာ သင်တန်းနှင့် (၆)လကြာမြှင့်မည့် အိမ်တွင်း စက်မှုလက်မှု သင်တန်းများ ဖြစ်သည်။

အဆိုပါ သင်တန်းများနှင့် ပတ်သက်၍ တက်ရောက်လာသော ဒုက္ခသည်များက ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ဘာသာစကား ကျွမ်းကျင်မှုမရှိသည့် အပြင် စားရေးသောက်ရေးကို သင်တန်းသားများက တာဝန်ယူုရမည် ဖြစ်သဖြင့် သင်တန်းတက်ရောက်ရန် မဖြစ်နိုင်ကြောင်း ပြောကြားပြီး ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် နိုင်ငံခြားသားများအနေဖြင့် တရားဝင် ၀င်ရောက်လုပ်ကိုင်ရန် မလွယ်ကူသဖြင့် ယခုပေးမည့် သင်တန်းများမှာလည်း မြန်မာဒုက္ခသည်များ အတွက် အကျိုးဖြစ်ထွန်းနိုင်မည် မဟုတ်ကြောင်း အပြန်အလှန် ပြောဆို ဆွေးနွေးခဲ့သြသည်။

၎င်းအပြင် မြန်မာဒုက္ခသည်များအနေဖြင့် ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ဘဝရပ်တည်ရေး အခက်အခဲများ ကြံုတွေ့နေရသဖြင့် ကုလသမဂ္ဂ မဟာမင်းကြီးရုံး အနေဖြင့် တတိယ နိုင်ငံတခုခုသို့ ပြောင်းရွေ့အခြေချနေထိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ကုလသမဂ္ဂ မဟာမင်းကြီးရုံး နှင့် မြန်မာဒုက္ခသည်များ တွေ့ဆုံဆွေးပွဲများကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂ မဟာမင်းကြီးရုံး အနေဖြင့် ဒုက္ခသည်များအရေး လုပ်ဆောင်ပေးရန် ကတိပြုခဲ့ သော်လည်း လက်တွေ့တွင်မူ အကောင်အထည်ဖေါ်လုပ်ဆောင်ပေးခြင်းမရှိကြောင်း စုံစမ်းသိရှိရ သည်။

ဆွေးနွေးပွဲမှာ တိကျခိုင်မာသော ဆုံးဖြတ်ချက်တစုံတရာ မရရှိဘဲ မွန်းလွဲ ၁နာရီတွင် အဆုံးသတ်ခဲ့ သည်ဟု သိရှိရသည်။

Most read this week