ရှမ်းပြည်မြောက်ပိုင်း KIA ဒေသအတွင်း တိုက်ပွဲ ဖြစ်နေဆဲ

ရှမ်းပြည်မြောက်ပိုင်း KIA ဒေသအတွင်း တိုက်ပွဲ ဖြစ်နေဆဲ
by -
ကချင်သတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) ဒေသ တပ်ရင်း ၃၄ နယ်မြေ၌ ယမန်နေ့ နေ့လည် ၁၁ နာရီခန့်က အစိုးရတပ်နှင့် KIA အကြား ၁၅  မိနစ်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မန်တုန်မြို့ (Man Dung) အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၁၃၀၊ ၁၀၅ နှင့် ခြေမြန်တပ်ရင်း ခမရ ၅၀၂၊ ၅၀၃ စသည့် တပ်ပေါင်းစု အဖွဲ့မှ တပ်ဖွဲ့ဝင် အင်အား (၇၀) ကျော်နှင့်  မိုးမိတ်မြို့နယ် မန်ယောန်(Man Yawn)ကျေးရွာ အနီး ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိသေးကြောင်း KIA တပ်မဟာ(၄) မှ အမည်မဖော်လိုသည့် အရာရှိ တဦးက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၁၆) ရက်နေ့ကလည်း မိုးမိတ်မြို့နယ် လွယ်ယား ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ဘက်ကတုန်ကြီး(Tung Gyi) ဘက်ကို တက်သွားဖို့ ရွာကနေဖြတ်သွားတဲ့အချိန် လမ်းမှာ ခဏ ထမင်းချက်စားနေတုန်း အစိုးရတပ်တွေပစ်လာလို့ အပြန်အလှန် ပစ်ခတ်ကြတာ။ အစိုးရတွေ ပစ်လိုက်တဲ့ လက်နက်ကြီး လွယ်ယားရွာက အိမ်တစ်အိမ်မှာကျပြီး အိမ်မီးလောင်သွားတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်က ရွာမှာပိုဆိုးလာမှာစိုးလို့ အဲဒီနေရာကနေ နောက်ဆုတ်လိုက်တာ ရှောင်လိုက်တာ။ အဲဒီနောက်တော့ သူတို့ရွာကိုဝင်ပြီး အိမ် ၅ အိမ်ကို မီးပြန်ရှို့လိုက်တယ်။ ဒီနေ့ပစ်တဲ့ နေရာမှာလည်း ရွာကိုပြန်ထိလာမှာစိုးလို့ ပြန်ရှောင်ထားလိုက်တယ်။”

အလားတူ လွန်ခဲ့သည့် မတ်လ (၁၃) ရက်နေ့ကလည်း ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၂၄၁) တပ်ဖွဲ့များနှင့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တို့ ဟူးဖြတ်၊ မန်ပိန်း ကျေးရွာအနီး (၂) နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ကချင်ပြည် လွပ်လပ်ရေးအဖွဲ့ KIO နှစ်ဖက် ကိုယ်စားလှယ် တို့ မတ်လ (၁၁) ရက်နှင့် (၁၂) ရက်နေ့များက ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ရာ လွယ်ယားကျေးရွာမှာ အိမ်ထောင်စု (၆၀) ခန့်က တောင်ယာ၊ လယ်ယာနှင့် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

လောလောဆယ် မန်တုန်အခြေစိုက် ခလရ ၁၃၀ တပ်ဖွဲ့များနှင့် ကျောက်မဲအခြေစိုက် စကခ(၁) လက်အောက်ခံ ခမရ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ စသည့် တပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်က ယင်းဒေသအတွင်း လှုပ်ရှားနေကြောင်း သိရသည်။

Most read this week