ကချင်ဒုက္ခသည်များ နိုင်ငံတကာ အကူအညီ မျှော်လင့်နေ

ကချင်ဒုက္ခသည်များ နိုင်ငံတကာ အကူအညီ မျှော်လင့်နေ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများအတွင်းရှိ ဒုက္ခသည်များအတွက် အစားအသောက််နှင့် အဆောက်အဦးများ အခက်အခဲရင်ဆိုင်နေရဆဲဖြစ်သောကြောင့် နိုင်ငံတကာ အဖွဲ့စည်းများ၏ အကူအညီများ တိုက်ရိုက်ရရှိရေး မျှော်လင့်နေကြောင်း ဒုက္ခသည်စခန်းကော်မတီမှ ပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ၀ိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်များအား စားနပ်ရိက္ခာများ ဝေငှပေးနေပုံ။

ယခုချိန် ကချင်ဒုက္ခသည်များသို့ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းမှ အကူအညီနှောင့်နှေးနေခြင်းနှင့် ပိတ်ပင်မှုအချို့ရှိနေသေးသောကြောင့် ဒုက္ခသည်များသည်ပို၍အခက်ခဲ ရင်ဆိုင်နေရပြီး နိုင်ငံတကာမှ အကူအညီကို မျှော်လင့်နေရကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) KNG ကချင်သတင်းဌာနသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်း (The Nippon Foundation) မှ တိုင်းရင်းသား လက်နက်ကိုင် ဒေသများရှိ ဒုက္ခသည်များကို အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကျော် လှူဒါန်းခဲ့ရာ ကချင်ဒေသအတွင်း ကူညီမှုပေးသွားရန် အစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ပိတ်ပင်ခဲ့ကြောင်း နီပွန်ဖောင်ဒေးရှင်းမှပြောဆိုခဲ့သည်။

သို့သော် အဆိုပါဂျပန်အစိုးရ နီပွန်ဖောင်ဒေးရှင်းအပါအဝင် အခြားသောအဖွဲ့အစည်းများမှ အကူအညီ ဆက်လက်ရရှိနိုင်ရေး KIO သို့ အဆက်အသွယ်များပြုလုပ်နေပြီး လက်တွေ့ကူညီပေးနိုင်ရန် နည်းလမ်းများရှာဖွေကြိုးစားနေဆဲဖြစ်ကြောင်း ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

“နိုင်ငံတကာက တခြားအကူအညီမရောက်ဘူး။ နေရာတိုင်းက နည်းနည်းပါးပါးရတဲ့အကူအညီနဲ့ ဖြေရှင်းနေတယ်။ အဆက်အသွယ်လုပ်တာတွေတော့ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းကူညီမပေးနိုင်ဘူး။ နီပွန်ကလည်း ဆက်သွယ်နေဆဲတော့ဟုတ်တယ်။ အဓိကတော့ အစားအသောက်အတွက် ကူညီသွားဖို့ နည်းလမ်းရှာနေတယ်။ အဲဒါကို တစ်ခါတည်းအများကြီးကူညီဖို့အတွက်တော့ နည်းလမ်းရှာရတယ်ထင်တယ်။ နည်းလမ်း တွေလည်းရှာနေတယ်ဆိုတော့ အောင်မြင်လာမယ်ဆိုတာလည်း ယုံကြည်တယ်။ ရောက်လာ မယ်လို့မျှော်လင့်ပါတယ်” ဟု ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ အောက်တိုဘာလအတွင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့များ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် တိုင်းရင်းသားလက်နက်ကိုင် ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၃ သန်း ကူညီပေးခဲ့ရာ ထိုအထဲမှ KIO ဒေသရှိ ကချင်ဒုက္ခသည်အတွက် ဇန်နဝါရီလကုန်ပိုင်းမှာ UNFC ကူညီပေးခဲ့သည်ကို လက်ခံရရှိခဲ့ကြောင်း ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) က ဆက်ဆိုသည်။

၎င်းတို့ထံမှ လက်ခံရရှိသောငွေများမှာ ခွဲတမ်း တရုတ်ယွမ်ငွေ (၇) သိန်းကျော် (အမေရိကန်ဒေါ်လာ ၁ သိန်းကျော်) ရရှိခဲ့ပြီး ထိုအကူအညီငွေဖြင့် ဒုက္ခသည် ၁ သောင်းကျော်အတွက် ၁ လစာ အစားအစာနှင့် ဆေးဝါးများကို ဖြေရှင်းနိုင်ခဲ့သည်ဟု ပြောသည်။

ယခုချိန် KIO ဒေသအတွင်းရှိဒုက္ခသည်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် ဂရုဏာအဖွဲ့ များမှ ပုံမှန်ကူညီကြည့်ရှုနေပြီး တခြားအဖွဲ့အစည်းများမှလည်း အနည်းအကျဉ်း ကူညီပေးမှုများရှိသော်လည်း ဆက်လက် လိုအပ်ဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့တွင် ငြိမ်းချမ်းရေးလိုလားသူ မြင်းခြံမြို့မှ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကာ လိုင်ဇာမြို့သို့ရောက်ရှိလာသော ကိုသန့်ဇင် အဖွဲ့မှလည်း ဒုက္ခသည်များအတွက် သိန်း ၁၄၀ ကျပ်ကို လှူဒါန်းခဲ့ပြီး လိုင်ဇာနယ်မြေအနီးတဝိုက်ရှိ ဒုက္ခသည်အခြေအနေများကိုလည်း လိုက်လံကြည့်ရှုနေကြောင်း သိရသည်။

၎င်းတို့မှ ယခုလို ကချင်ဒုက္ခသည်များ၏ လက်ရှိအခက်အခဲအခြေအနေများကို လာရောက်ကြည့် ရှုခြင်းအားဖြင့် လက်ရှိကြံုနေရသော အခက်အခဲ သတင်းမှန်ကို ၎င်းတို့မှကျယ်ပြန့်သော နည်းလမ်းဖြင့် တင်ပြပေးသွားခြင်း အားဖြင့် နှောင်အတွက် အကူအညီအခွင့်အလမ်းများ ပိုမိုအလားအလာကောင်း လာနိုင်မည်ဟုု မျှော်လင့်ကြောင်း ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ်သို့ ဒုက္ခသည်များကိုကူညီရန် နိုင်ငံတကာအဖွဲ့အစည်း များကို ခွင့်ပြုလိုက်ကြောင်း ပြောဆိုမှုများရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် ကူညီပေးသူများမှ လွတ်လပ်စွာသွားလာကူညီနိုင်ခွင့် မရှိသေး၍ ခက်ခဲနေဆဲဖြစ်ကြောင်း ဒုက္ခသည်ကော်မတီမှသိရသည်။

Most read this week