KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား လိုင်ဇာလူထု ၂၀၀၀ ကျော် ကြိုဆို

KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား လိုင်ဇာလူထု ၂၀၀၀ ကျော် ကြိုဆို
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရာမှပြန်လာကြ သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖွဲ့အား လိုင်ဇာရှိ ပြည်သူလူထုများက နယ်စပ်တံတား တစ်လျှောက် ၀မ်းသာအားရ ကြိုဆိုခဲ့ကြသည်။

မတ် ၁၁-၁၂ တရုတ် ရွှေလီ ဆွေးနွေးပွဲမှ ပြန်လာတဲ့ KIO ကိုယ်စားလှယ်များကို လိုင်ဇာပြည်သူများ ကြိုဆို။

လိုင်ဇာမြို့သို့ ယမန်နေ့က ပြန်ရောက်လာသည့် KIO မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ငြိမ်းချမ်းရေးဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့အား တရုတ်နယ်စပ် လိုင်ဇာ တံတားမှ ဒေသခံလူထု ၂၀၀၀ ကျော်က ကြိုဆိုခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် (၁၃) ကြိမ်မြောက်တွေ့ဆွေးဆုံးနွေးခဲ့သော်လည်း လူထုက ယခု ပထမဆုံးအကြိမ်ကြိုဆိုလိုက် ခြင်း ဖြစ်ပြီး နိုင်ငံ့အတွက် အားထုတ်၍ဆွေးနွေးခဲ့သည့် KIO အရာရှိများအပေါ် ပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း လိုင်ဇာ အသင်းတော်မှ သိက္ခာတော်ရ ဆရာဂွန်ဆိုင်းက KNG ကချင်သတင်းဌာနသို့ပြောသည်။

“ပြီးခဲ့တဲ့အချိန်တွေမှာ မကြိုဆိုခဲ့ဘူး။ ခါတိုင်းက ဆလန်ကဘာတွေက အသင်းတော်ဆရာတွေထံ ဆုတောင်း ပြီးသွားလိုက်တယ်။ ပြန်လာရင်လည်း ဆုတောင်းပြီး ကိုယ့်ရုံးကိုယ်ပြန်တယ်။ ဒါပေမယ့် ဒီတခေါက်က ဆုတောင်းပြီး သွားလိုက်တယ်။ ပြန်လာတဲ့ချိန်မှာ ရလာဒ်ကို ပြည်သူတွေလည်း သိချင်တဲ့အတွက်ကြောင့် ကြိုဆိုခြင်းဖြစ်တယ်။”

ယင်းနောက် ဒေသခံပြည်သူလူထုများနှင့် လိုင်ဇာ အထက်တန်းကျောင်းတွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲ သဘော တူညီချက်၊ ကြေညာချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောဆိုခဲ့ရာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ရွှေလီ ဆွေးနွေးပွဲ၌ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အား ဆက်လက် အတည်ပြု၍အကောင်အထည် ဖော်ဆောင် သွားမည်ဟု ဗိုလ်ချုပ် ဂွမ်မော်မှ လူထုအား ရှင်းပြခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နောက်ထပ်လည်း ကြိုဆိုအုံးမယ်။ ဘာလို့လဲဆိုတော့ ခုခေတ်ကပြည်သူတွေကို ကြေညာရမယ့် ခေတ်ဖြစ်နေပြီလေ။ သူတို့ဘဲဆွေးနွေးပြီး မီဒီယာမှာကြေညာရုံနဲ့ မထိရောက်နိုင်ဘူး။ ခု ဆွေးနွေးမှုတွေကို ပြည်သူတွေထံပြန်လည် ရှင်းလင်းတာ အရမ်းကောင်းပါတယ်” ဟု ဆရာဂွန်ဆိုင်းက ပြောသည်။

ဗဟိုဌာချုပ်အတွင်းရှိ ဒုက္ခသည်စခန်းမှလူထုများနှင့် ဒေသခံများသည် ကချင်ရိုးရာဝတ်စုံများဝတ်ဆင်ကာ ဌာနဆိုင်ရာ အသီးသီးမှလည်း လာရောက်၍ ကိုယ်စားလှယ်များကို လက်ဆွဲနှုတ်ဆက်ကာ ကချင်ရိုးရာ အတီးအမှုတ်ဗုံများ ဖြင့်ကြိုဆိုခဲ့ရာ ကိုယ်စားလှယ်များကလည်း ၀မ်ပန်းတသာဖြစ်ခဲ့ကြောင်း သိရသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့သည် တရုတ်နိုင်ငံရွှေလီမြို့တွင် ဖေဖော်ဝါရီလ ၁၁ မှ ၁၂ ရက်နေ့ထိ ၂ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည်ဖြစ်၍ အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

ဆက်လက်၍ ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားကာ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူညီခဲ့ကြသည်။

ဒီတစ်ကြိမ် ဆွေးနွေးမှုတွင် နှစ်ဖက် စစ်တပ် ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး အစိုးရဖက်မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်သလို KIO ဖက်မှ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် တက်ရောက်ခဲ့သည်။

Most read this week