မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း ထားသော်လည်း ဒေသခံများ နေရပ်ပြန်ခွင့် မရသေး

မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း ထားသော်လည်း ဒေသခံများ နေရပ်ပြန်ခွင့် မရသေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းထားသည်မှာ တနှစ်ကျော်ကြာပြီဖြစ်သော်လည်း စီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရသော အောင်မြင်သာစံပြကျေးရွာဒေသခံများသည် မူရင်းနေရပ်သို့ ပြန်နေထိုင်ခွင့်မရသေးကြောင်း ဒေသခံများ ပြောသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဆိုင်းငံ့ထားသော ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက် မည့်ရေကာတာစီမံကိန်းရှိ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ စက်ပစ္စည်းများကို ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှ စတင်၍ ယနေ့ထိ နေ့စဉ် သယ်ယူနေသောကြောင့် အောင်မြင်သာ ဒေသခံများမှာ ၎င်းတို့၏ နဂိုနေရာသို့ ပြန်လည်အခြေချရန် မျှော်လင့်နေကြောင်း ဒေသခံများပြောသည်။

“ဒီမှာနေပြီး ရှာစားရတာက ခက်တယ်လေနော်။ အခုလည်း တချို့က ဟိုမှာသွားနေပြီး လုပ်စားတာတွေ ရှိတယ်။ ခြံတွေ၊ တောင်ယာတွေ၊ ရွှေနည်းနည်းပါးပါးဝိုင်းစားတာပေါ့။ အရင်ကတော့ သိရင် မောင်းတယ်။ ဒါပေမဲ့ အခုတော့ မမောင်းသေးဘူး။ အဲဒီလိုနဲ့လုပ်စားနေတာပေါ့။ စနေ တနင်္ဂနွေဆိုရင် ဒီကိုပြန်လာ။ တနင်္လာဆိုရင် ပြန်တက်သွား၊ ဒီကနေ အသွားအပြန်လုပ်နေတဲ့ လူတွေလည်းရှိတယ်။ တချို့က ဒီမှာ ဖြစ်သလို စျေးရောင်းစားတာတွေလည်းရှိတယ်။” ဟု အောင်မြင်သာ ဒေသခံတစ်ဦးပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသူများအတွက် ရေကာတာ ဆောက်လုပ်မှုတာဝန်ရှိသည့် တရုတ်စွမ်းအင်ထုတ်လုပ်မှု (CPI) ကုမ္ပဏီမှ ဒေသခံများအား ဆန်များထောက်ပံ့ပေးထားသော်လည်း ဟင်း၊ ဆေးဝါးများ အတွက် ခက်ခဲစွာရှာဖွေ စားသောက်နေရကြောင်း ဒေသခံများပြောသည်။

ပြန်လည်နေရာချထားရေး နယ်မြေဖြစ်သော အောင်မြင်သာသို့ပြောင်းရွှေ့ခံခဲ့ရသော ဒေသခံများသည်  အဆိုပါနေရာတွင် စိုက်ပျိုးရေး လုပ်ကိုင်စားသောက်ရန် မြေယာ အခက်ခဲကြောင့် နေရပ်သို့ပြန်လိုကြောင်း ဆန္ဒရှိကြသော်လည်း အခက်အခဲများစွာ ရှိနေကြောင်း အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမှုန့်လုံးက ပြောသည်။

“အခုထိတော့ ပြန်လို့ရတဲ့ အကြောင်းဘာမှ မပြောသေးဘူး။ ပြန်လို့ရရင်တော့ ပြန်မယ့်လူတွေပဲပေါ့။ ဒါပေမဲ့ ပြန်ပြီး အိမ်တွေကိုလည်း ကိုယ့်ဟာကို ပြန်ဆောက်ယူမယ်ဆိုရင် မဖြစ်နိုင်တဲ့ လူတွေအများကြီးပဲ။ တချို့ရတဲ့ လူတွေလည်းရှိတယ်လေနော်။ တစ်ခါပြန်ပြီး သယ်ယူပို့ဆောင်မှာက မလွယ်ဘူးလေ။ ဒီကိုပြောင်းလာတာ တောင် အစိုးရတွေ ကူညီပေးလို့ပဲ ပြောင်းရွှေ့ရတာပေါ့။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုရင်တော့ မလွယ်ဘူး။ မဖြစ်နိုင်ဘူး တကယ်ဆိုရင်။”

မူလနေထိုင်သောနေရာ မြစ်ဆုံတန်ဖရဲကျေးရွာတွင် ၀မ်းစာအတွက် ရွှေကျင်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုုပ်ကိုင်၍ အဓိက အသက်မွေးဝမ်းကျောင်းနေကြသူများဖြစ်သည်။

မေခ-မလိခ မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ၂၀၁၀ မေလမှ စ၍ ကျေးရွာများ အား အောင်မြင်သာရွာသစ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး ယခုချိန်တွင် အိမ်ခြေ ၃၂၇ နှင့် လူဦးရေ ၂၀၀၀ ကျော် နေထိုင်နေခြင်းဖြစ်သည်။

မြစ်ဆုံ ရေကာတာ စီမံကိန်းကို ၂၀၀၇ ခုနှစ်က အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ တရုတ်အစိုးရ CPI (China Power Investment) ကုမ္ပဏီနှင့် အေးရှားဝေါလ် ကုမဏီများ တာဝန်ယူ တည်ဆောက်ခဲ့ရာ ပြည်သူလူထုများ ကန့်ကွက်ခဲ့သောကြောင့် သမ္မတ ဦးသိန်းစိန်က သူ၏အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က လွှတ်တော်သို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

Most read this week