ချီဖွေ-လောခေါင်နယ်မြေသို့ အစိုးရထိုးစစ်ကြောင့် KIA တပ်စခန်း ၂ ခု နောက်ဆုတ်လိုက်ရ

ချီဖွေ-လောခေါင်နယ်မြေသို့ အစိုးရထိုးစစ်ကြောင့် KIA တပ်စခန်း ၂ ခု နောက်ဆုတ်လိုက်ရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ချီဖွေနှင့် လောခေါင်ဇုံ နယ်မြေအတွင်း မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲ အဆက်မပျက်ဖြစ်ပွားနေပြီး KIA တပ်စခန်း ၂ ခုနောက်ဆုတ်လိုက်ရကြောင်းသိရသည်။

အစိုးရတပ်ဖွဲ့ ခလရ တပ်ရင်း ၂၆၀ ၊ ၂၉ တပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) တပ်ဖွဲ့တို့ ပူးပေါင်းထားသည့် တပ်ပေါင်းစုတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ ထိုးစစ်ဆင်လာသောကြောင့် နောက်ဆုတ်လိုက်ရခြင်းဖြစ်ပြီး တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ကြာပြီဖြစ်ကြောင်း KIA အရာရှိက ပြောသည်။

“လောခေါင်ဖက်ကနေ စစ်ကြောင်း ၂ ခု၊ မျှော်ဂျော်ဖက်ကနေ စစ်ကြောင်း ၂ ခု ထိုးစစ်ဆင်လာတယ်။ သူတို့ထိုးစစ်ဆင်လာလို့ အဲဒီမှာ ပစ်ခတ်ကြရင် ကျနော်တို့နေတဲ့ နေရာအနီးမှာနေတဲ့ ပြည်သူလူထုကို ထိခိုက်မှာစိုးလို့ မျှော်ဂျော်က စခန်းနဲ့ အဲဒီအနီးက စခန်းတစ်ခု နောက်ဆုတ်လိုက်တယ်။” ဟု ချီဖွေ တွင်ရောက်ရှိသော အမည်မဖော်လိုသူ KIA ဗိုလ်ကြီး တစ်ဦးကပြောသည်။

ယခုချိန် တိုက်ပွဲများသည် KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) နှင့် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၂၆၀) အပါအဝင် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များ ပြည်သူ့စစ်တပ်ပေါင်းစု တပ်ဖွဲ့များ စုပေါင်းသော အင်အား ၃၀၀ ခန့်ရှိသည့် တပ်များနှင့် နေရာအသီးသီးတွင် ဖြစ်နေကြောင်း ၎င်း အရာရှိက ဆက်ပြောသည်။

“စနေနေ့က လောခေါင် (Law Hkawng) အထက်မှာ တနေရာ၊ စုစည်း (Tsu Si) ဆိုတဲ့ တနေရာ၊ ဘတ်မျှော် (Bat Myaw) ဆိုတဲ့တနေရာ၊ မျှော်ဂျော် (Myaw Jaw) ဆိုတဲ့ တစ်နေရာ ၄ နေရာမှာ တိုက်ပွဲဖြစ်တယ်။ တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ ဗုဒ္ဓဟူး နေ့ထိ လောခေါင်အထက်မှာ ပစ်တယ်။ အဲဒီနေရာမှာတော့ အစိုးရဖက်က နည်းနည်း ကျတယ််။

ဗုဒ္ဓဟူး နေ့တော့ ကျနော်တို့ဖက်က တစ်ယောက် အစိုးရဗုံးနဲ့ ဒဏ်ရာရတယ်။ မနေ့ကတော့ ဆော့လော် (Saw Law)မှာပစ်ကြတယ်။ ကျနော်တို့ရှိနေတဲ့ နေရာမှာသူတို့လာပစ်တာ။” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားလာသောကြောင့် လောခေါင်နှင့် မျှော်ဂျော်ကျေးရွာမှ အိမ်ထောင်စု ၁၀၀ ခန့်  သည် KIA တပ်ဖွဲ့များရှိရာသို့ ထွက်ပြေးတိမ်းရှောင်နေပြီး ယခုချိန် ၎င်းတို့၏ စားဝတ်နေရေး ခက်ခဲနေပြီး KIA တပ်ဖွဲ့များမှ တတ်နိုင်သမျှ ဝေမျှပေးနေရကြောင်း သိရသည်။

အစိုးရတပ်ဖွဲ့များမှ ထိုနယ်မြေသို့ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းပိုင်းက ရဟတ်ယာဉ်များဖြင့် စစ်လက်နှင့် ရိက္ခာများတိုးချဲ့ ပို့ဆောင်နေပြီး ထိုကျေးရွာမှ တွေ့သမျှဒေသခံ ပြည်သူများကိုလည်း ပေါ်တာခေါ်ကာ လက်နက် ရိက္ခာများ ထမ်းခိုင်းနေသည်ဟု သိရသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် အနီး အစိုးရတပ်က ပြင်းထန်သည့် ထိုးစစ်များ ဆင်နွဲပြီးနောက် အဆိုပါ ချီဖွေ-လောခေါင်နယ်မြေများသို့ ပြန်လည် နေရာယူလာခြင်းဖြစ်ကြောင်း KIA တပ်မှူးက ဆိုသည်။

Most read this week