KIA တပ်ရင်း (၆) ဌာနချုပ်တွင် အစိုးရတပ် အလံစိုက်ကာ စခန်းချထား

KIA တပ်ရင်း (၆) ဌာနချုပ်တွင် အစိုးရတပ် အလံစိုက်ကာ စခန်းချထား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဂင်စီကျေးရွာရှိ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၆) ဌာနချုပ်တွင် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ မြန်မာအစိုးရအလံ စိုက်ထူပြီး စခန်းချလိုက်ကြောင်း ဒေသခံများက ပြောသည်။

တပ်ရင်း (၆) ဌာနချုပ်ရှိ ထိုင်ခုံများနှင့် KIA တပ်၏ ကျန်ရှိနေသော အသုံးအဆောင်ပစ္စည်းများကို အစိုးရတပ်ဖွဲ့က ကားအစီး ၃၀ ကျော်ဖြင့် ဖားကန့်သို့ သယ်ယူသွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ထို့ပြင် ဒေသတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဖားကန့်မြို့နယ်အတွင်းမှ ဂင်စီ၊ ဘော်ဆာဒီး၊ တန်ဂေါင်၊ ဂင်စီခေါ် စသည့် ကျေးရွာများရှိ ဒေသခံတို့၏ နေအိမ်များမှ ပစ္စည်းများကိုလည်း သော့ရိုက်ဖွင့်ကာ ကားအစီး ၆၀ ကျော်ဖြင့် သယ်ယူသွားကြောင်း မျက်မြင်ဒေသခံများက ပြောဆိုသည်။

ယင်းကိစ္စအပေါ် ဒေသခံတစ်ယောက်က ကချင်သတင်းဌာနသို့ အောက်ပါတိုင်း ဝေဖန်ပြောဆိုသည်။

“သမ္မတဦးသိန်းစိန်ပြောတဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ ရပ်ပြီဆိုတာ အလကားပဲ။ အကျိုးမရှိတဲ့စကားပဲ။ မမှန်ဘူး။ သမ္မတ တစ်ယောက်လုံးရဲ့ စကားလည်း မယုံရတော့ဘူး။ ကျနော်တို့ ပြည်လူထု ဆင်းဆင်းရဲရဲနဲ့ ချွေးနည်းစာနဲ့ ရှာထားတဲ့ ပစ္စည်းတွေကို အလကား ယူပေးလိုက်တယ်။ ဓါးမြလိုလို လုပ်နေကြတယ်။”

အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) နေရာအား ဇန်နဝါရီလ ၁၈ ရက်နေ့က နောက်ဆုတ်ပေးလိုက်ခြင်းဖြစ်သည်။

ထို့နောက် မြန်မာအစိုးရက ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစ၍ ဖားကန့်ကျောက်စိမ်းမှော်များတွင် ကျောက်တူးသော ရေမဆေးကျောက်ကောက်သည့် ပြည်သူများကို ညမထွက်ရအမိန့်ထုတ်ထား ကြောင်းသိရသည်။

ထို့အပြင် ယင်းကာလ နောက်ပိုင်း ဖားကန့် ကျောက်စိမ်းမှော်များတွင် စွန့်ပစ်ကျောက်စိမ်းအရိုင်းတုံး ကောက်နေသော (ရေမဆေးသမား) ပြည်သူများကို အစိုးရတပ်က ရမ်းတမ်းပစ်ခတ်မှုများ ပြုလုပ်နေသလို ခရီးသွား ပြည်သူများ၏ ပစ္စည်းများအား လုယက်နေကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလကုန်ပိုင်းက အစိုးရတပ်မှ KIA ဌာနချုပ်လိုင်ဇာအနီး ပြင်းထန်သည့် ထိုးစစ်ဆင်နွဲခဲ့ပြီး အရေးပါသည့် စခန်းများအား သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်ဒေသဖက်သို့ ဆက်လက် ထိုးစစ်ဆင် လာခြင်းဖြစ်ကြောင်း KIA အရာရှိများက ပြောသည်။

Most read this week