ကချင်ဒုက္ခသည်များအား ကူညီခဲ့သူ နေမျိုးဇင်နှင့် အဖွဲ့အား အစိုးရမှ အနှောက်ယှက်ပေး

ကချင်ဒုက္ခသည်များအား ကူညီခဲ့သူ နေမျိုးဇင်နှင့် အဖွဲ့အား အစိုးရမှ အနှောက်ယှက်ပေး
by -
ကချင်သတင်းဌာန

တရုတ် မြန်မာနယ်စပ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့ရှိ ဒုက္ခသည်များကို ကူညီရာမှ ပြန်လာသည့် ဦးနေမျိုးဇင်ဦးဆောင်သော ရန်ကုန်အခြေစိုက် မြန်မာ့လူမှုရေး ဘဝဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ကို လဂျားယန်ရှိ မြန်မာအစိုးရဂိတ်က တားမြစ်၍ အနှောက်အယှက် ပေးခဲ့ကြောင်း သိရသည်။

ဦးနေမျိုးဇင် ဦးဆောင်သော အဆိုပါ အယောက် ၃၀ ကျော်ပါ အဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က လိုင်ဇာမှ ဗန်မော်မြို့သို့အပြန် လဂျားယန်ရှိ အစိုးရဂိတ်မှ တားမြစ်၍ နေပူ လှမ်းထားခဲ့သည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ် တပ်ဦး (ABSDF)  ပြောရေးဆိုခွင့်ရှိသူ ဦးလဆိုင်း ကပြောသည်။

“လိုင်ဇာကနေအပြန် ၁ နာရီလောက်ကနေ လဂျားယန် အစိုးရဂိတ်မှာ နေပူလမ်းထားတာ ကြံုရတယ်တဲ့။ ကျနော်ထင်တာက KIO နယ်မြေ ဒုက္ခသည်စခန်းတွေကို လာပြီးကူညီတယ်ဆိုတာကို မလိုလားတဲ့သဘောပေါ့။ အနောက်အယှက်ပေးတယ်ဆိုတဲ့ သဘောပေါ့။ သူတို့အမြဲတမ်း လုပ်နေတဲ့ အကျင့်ကိုပြတာပေါ့။ လမ်းကြောင်း အမျိုးမျိုးနဲ့ပေါ့နော်။”

၎င်းအဖွဲ့တို့သည် အစိုးရတပ်များ တားမြစ်ခြင်းခံခဲ့ရသောကြောင့် ညနေ ၄ နာရီခန့်တွင် နဂိုလာလမ်းတိုင်းမဟုတ်ပဲ မုန်လိုင်ချောင်းကိုကူးကာ ပြန်ခဲ့ရကြောင်း သိရသည်။

အစိုးရဖက်မှ အနှောက်အယှက်ပေးမှုကြောင့် လမ်းခရီးအခက်ခဲရင်ဆိုင်ခဲ့ရသော်လည်း KIO ၏အကူအညီဖြင့် အပြန်ခရီးဆက်ခဲ့ရသည်ဟု KIO ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာက (Salang Kaba Doi Pyi Sa) ပြောသည်။

“သူတို့ဖြတ်သွားရမယ့် တံတားအောက်မှာ KIA တွေဆီက ရထားတဲ့ ဗုံးတွေကို ထောင်ထားတယ်တဲ့။ လူကြီးလာမယ် စောင့်ဦးဆိုပြီး တနေကုန်အဲဒီမှာ စောင့်ထားခိုင်းတယ်တဲ့။ စောင့်နေလည်း လူကြီးလည်း ရောက်မလာ စစ်သားတွေလည်း ဘယ်သူမှပြန်လာမကြည့်တော့  KIA တွေရှိတဲ့ဘက်ကို ပြန်ဆုတ်လာပြီး ရေလမ်းကနေ ဖြတ်ကူးသွားကြပြီတဲ့။ ဟိုဘက်ကမ်း ရောက်တော့ မနေ့က သူတို့စီးလာတဲ့ကား ဒီဘက်ကိုဖြတ်လာမရလို့ ဟိုဘက်ကမ်းမှာထားထားတာ။  ဒီဘက်ကနေ ကျနော်တို့ ပြန်လာကြိုတာ။ အဲဒီ သူတို့ကားထားတဲ့ နေရာရောက်တာ့ ကားဘက်ထရီတွေ အကုန်ဖြုတ်ထားပေးတယ်တဲ့။ ဒါပေမဲ့ ပြန်ပြင်ပြီး ဆင်းသွားမယ်တော့ပြောတယ်။ လမ်းမှာ ဘာပြန်ဖြစ်မလဲတော့ မသိဘူး။”

အဆိုပါ အဖွဲ့သည် ဖေဖော်ဝါရီလ ၁၉ နေ့က ဆိုင်ကယ်အပါအဝင် ကူညီရေးပစ္စည်းများတင်သော ကားနှင့်အတူ ဗန်းမော်မြို့မှ လိုင်ဇာသို့ ထွက်ခွာခဲ့ရာ လိုင်ဇာမှ ၁၀ မိုင်ခန့်ဝေးသည့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး အစိုးရတပ်စခန်းတခုက ဆက်မသွားရန် တားမြစ်ခြင်းခံခဲ့ရကြောင်းသိရသည်။

ထို့နောက် KIO ထံ ဆက်သွယ်ခဲ့ရာ ထိုဒေသအနီးရှိ KIA တပ်ဖွဲ့များ၏ အကူအညီဖြင့် လမ်းတွင် တစ်ညအိပ်၍ ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့က လိုင်ဇာသို့ရောက်ရှိကာ အကူအညီအချို့ပေးနိုင်ခဲ့ပြီး ထိုနေ့ မွန်းတည့် ၁၂ နာရီခန့်က လိုင်ဇာမှ အပြန် လဂျားယန်ဂိိတ်တွင် တားမြစ်ခံထားရခြင်းဖြစ်သည်။

Most read this week