တရုတ်နယ်စပ် ဂျေယန့် ဒုက္ခသည်စခန်းတွင် ကလေး ၂၀ ကျော် ၀မ်းရောဂါဖြစ်ပွား

တရုတ်နယ်စပ် ဂျေယန့် ဒုက္ခသည်စခန်းတွင် ကလေး ၂၀ ကျော် ၀မ်းရောဂါဖြစ်ပွား
by -
ကချင်သတင်းဌာန

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ ဂျေယန့် (Je Yang) စစ်ပြေးဒုက္ခသည်စခန်းတွင် ၆ နှစ်အောက်ကလေးများ အယောက် ၂၀ ကျော် ဝမ်းရောဂါဖြစ်ပွားနေကြောင်းသိရသည်။

ကလေးများသည် ၀မ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဆက်လက်တိုးလာ နေဆဲဖြစ်ကြောင်း ဂျေယန့်ကျမ်းမာရေးဌာနမှသိရသည်။

၀မ်းရောဂါပြန်လည်ဖြစ်ပွားခြင်းသည် ၄င်းဒုက္ခသည်များသော အိမ်သာလုံလောက်မှုမရှိခြင်းနှင့် သောက်သုံးရေများ ခက်ခဲခြင်းကြောင့်ဖြစ်သည်ဟု ကျန်းမာရေးမှူး ဆရာနော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

“လူကများ အိမ်သာကမလောက် အရမ်းခက်တယ်။ အရင်ကတော့ ရေပိုက်နဲ့ တောင်ကျ ရေများ ကနေယူတယ်။ အခုက ရေလောင်ကန် ၁ ခု ၂ ခုထဲက ခွဲယူကြတယ် လောက်တော့ မလောက်ဘူးပေါ့နော်။ ဂျေယန့် မြစ် အနီးမှာရှိတဲ့ သူတွေက အဲဒီမြစ်ရေသုံးတယ်။ ဒါမဲ့ ရေကမသန့်တော့ သောက်ဖို့လဲခက် သုံးစွဲဖို့တောင်ခက်နေတယ်ဆိုတော့ အဝေးကြိီးကို သွားယူရတော့ အိမ်သာမှာသုံးဖို့က ပိုခက်သွားတာပေါ့။” ဟု ဆိုသည်။     

အဆိုပါ၀မ်းရောဂါသည်  ပြီးခဲ့သည့်လအတွင်း ကလေးများ အယောက် ၄၀ ကျော်တွင် ဖြစ်ပွားခဲ့ချိန် ကျမ်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးကုသမှုပေး၍ ပျောက်ကင်းသွားခဲ့ခြင်းဖြစ်သော်လည်း ယခုလ ၁၆ ရက်နေ့မှစ၍ ပြန်လည်ဖြစ်ပွား လာခြင်းဖြစ်သည်ဟု ပြောသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အိမ်သာ ၁၂၉ ရှိသော်လည်း ယခုချိန် အသုံးမပြုသည့် အိမ်သာ ၃၆ ရှိနေပြီး လူနှင့် အိမ်သာ ကိုက်ညီ မမျှကြောင်း သိရသည်။

ယခုလို ဝမ်းရောဂါဖြစ်ပွားခြင်းသည် အဟာရချို့တဲ့သည့် ကလေးများနှင့် မသန့်ရှင်းသည့် အစားအစာများ စားမိခြင်းမှလည်း စတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ပြောဆိုသည်။
 
ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ကလေးများကိုယ်ပူပြီး ရင်ကြပ်ခြင်းများလည်းဖြစ် နေကြောင်း သိရသည်။

“တစ်နေ့မှာ ကလေးများကိုယ်ပူ၊ ရင်ကြပ်၊ နားစီးချောင်းဆိုးတဲ့  ကလေးအယောက် ၄၀၊ ၅၀ က နေတိုင်းဆေးခန်း ရောက်နေတယ်။ ပုံမှန်လိုဖြစ်နေပြီ လူများတယ်ဆိုတော့ ကလေးတွေကလည်း ထောင်ဂဏန်း ရှိနေတော့” ဟု ကျန်းမာရေးမှူး တာဝန်ခံ ဆရာနော်ဂျာ ဆက်ပြောသည်။

ယခုချိန်ထိ ၀မ်းရောဂါသည် ကလေးများတွင် အများစုဖြစ်ပွားနေပြီး သက်ကြီးတွင်လည်း ဖြစ်ပွားနေသော် လည်း ယခုချိန်ထိ သေဆုံးမှုမဖြစ်သေးကြောင်း သိရသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၆၀၇ ရှိကာ ဒုက္ခသည် ပေါင်း ၈၂၃၈ ခိုလှုံနေသောစခန်းဖြစ်ပြီး ကချင်စစ်ပြေး ဒုက္ခသည်လူဦးရေအများဆုံး စခန်းဖြစ်ကြောင်းသိရသည်။  

၄င်း ဒုက္ခသည်စခန်းများမှ တာဝန်ခံများသည် ဒုက္ခသည်စခန်းတစ်ခုတွင်ဖြစ်လျှင် အခြားဒုက္ခသည်များ တွင်ကူးစက်ပြန့်ပွားလာတတ်သောကြောင့် ရောဂါများ မကူးစက်ရန် ကြိုတင်ကာကွယ်ဖို့ အဓိက သန့်ရှင်းရေးများနှင့် သီးသန့်ရောဂါပိုးသတ်ဆေး များဖြန်းရန် ပြင်ဆင်နေကြောင်းသိရသည်။

ယခုချိန် ဂျေယန့် (Je Yang) ဒုက္ခသည်ဆေးခန်းတွင် တာဝန်ကျဆရာဝန်များနှင့် တရုတ် ခရစ်ယာန် သာသနာပြုများမှ ဆေးများကူညီထောက်ပံ့ပေးနေပြီး ဆရာဝန်များလည်း အခမဲ့ကူညီ ကုသပေးနေကြောင်း သိရသည်။  

အဆိုပါ ဒုက္ခသည်စခန်းတွင် Kachin Relief and Development Committee (KRDC – KIO), အင်္ဂလန်အခြေစိုက် Health Unlimited (HU) Kachin project ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) , ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် ဂရုဏာ၊ မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဲ့အစည်းများက ကူညီထောက်ပံ့နေသော်လည်း အကူအညီဆက်လက်လိုအပ် နေဆဲဖြစ်ကြောင်းသိရသည်။

တိုက်ပွဲများကြောင့် KIO အုပ်ချုပ်ရေး နယ်မြေအတွင်း တိမ်းရှောင်လာသူ စုစုပေါင်း ၆၆၀၀၀ ကျော်နှင့် အစိုးရအုပ်ချုပ်မှု နယ်မြေတွင် ၃၆၀၀၀ ကျော် ရှိကြောင်း KIO ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဌ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) က ပြောသည်။

Most read this week