ကချင်ဒုက္ခသည်များအတွက် အမေရိကန်ရောက်-ချင်းအမျိုးသားများမှ ငွေကျပ် သိန်း ၁၃၀ ကျော် လှူဒါန်း

ကချင်ဒုက္ခသည်များအတွက် အမေရိကန်ရောက်-ချင်းအမျိုးသားများမှ ငွေကျပ် သိန်း ၁၃၀ ကျော် လှူဒါန်း
by -
ကချင်သတင်းဌာန

အမေရိကန်နိုင်ငံ မေရီလဲန်း (Mary Land) ရောက် ချင်းအမျိုးသားများမှ ကချင်စစ်ဘေးသင့် ဒုက္ခသည်များ အတွက်ရည်ရွယ်၍ တစ်လအတွင်းစုဆောင်းထားသော ကျပ်သိန်း ၁၃၀ ကျော်ရှိသော အမေရိကန် ဒေါ်လာ $15,315 ကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ပေးအပ်လှူဒါန်းလိုက်သည်။

ချင်းအမျိုးသား ဦးထောင်းဇာလျန်း (Htawng Zalian) ဦးဆောင်ကာ သက်ဆိုင်ရာ ချင်းအဖွဲ့အစည်း ခေါင်းဆောင် လူကြီးများမှ လာရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ငွေလက်ခံထားသော အမေရိကန်နိုင်ငံ အခြေစိုက် ကချင်မဟာမိတ် (Kachin Alliance) K.A. တာဝန်ခံ အင်ဆန်ဂွမ်ဆန် (Nsang Gum San) ပြောသည်။

“ချင်းလူကြီးမင်းတွေက ကချင်တွေကတော့ ကချင်တွေအတွက်ပဲ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံးကိုယ်စား တိုက်နေတယ်လို့ ကျနော်တို့ယူဆပါတယ်။ ဒီတိုက်ပွဲက စစ်မှန်တဲ့ တိုက်ပွဲဖြစ်တယ်။ ဒီလိုမျိုးတိုက်ပွဲကြောင့် အခက်အခဲဖြစ်နေတဲ့ ညီအစ်ကိုတွေကိုယ်စား ကျနော်တို့လည်း အရမ်းခံစားရတယ်လို့ သူတို့ပြောတယ်။” ဟု အင်ဆန်ဂွမ်ဆန် ပြောသည်။

အဆိုပါ ဒုက္ခသည်များသို့ပေးလှူသောငွေများကို ကချင်မဟာမိတ်အဖွဲ့မှ တဆင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းသို့့ လွှဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလို ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုး၊ အိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များကို ချင်းအမျိုးသားများမှ ပုံမှန်ကူညီထောက်ပံ့ မှုပေးနေခြင်းဖြစ်ပြီး ယခုကချင်မဟာမိတ် (Kachin Alliance)မှ တဆင့် ပေးအပ်ခြင်းသည် ပထမအကြိမ် ဖြစ်ကြောင်း K.A. တာဝန်ခံ အင်ဆန်ဂွမ်ဆန် ပြောသည်။

အမေရိကန်နိုင်ငံရောက် အခြားပြည်နယ်များတွင်ရှိသော ချင်းအမျိုးသားများမှလည်း ဒုက္ခသည်များကို ဆက်လက် ကူညီသွားရန် စီစဉ်နေကြောင်း ချင်းအမျိုးသားများမှသိရှိရသည်။

Most read this week