စားပွဲဝိုင်းပေါ်တွေ့ဆုံမည်ဟု သမ္မတ၏ ပြောဆိုမှု အပေါ် KIO ကြိုဆို

စားပွဲဝိုင်းပေါ်တွေ့ဆုံမည်ဟု သမ္မတ၏ ပြောဆိုမှု အပေါ် KIO ကြိုဆို
by -
ကချင်သတင်းဌာန

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် KIO အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံစဉ် “ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင် လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး” သဘောတူညီမှုရရှိကာ ပူးတွဲထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ KIO ဖက်မှ သမ္မတ၏ စာကို ကြိုဆိုကြောင်း လူထုကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေငြာချက်၌ KIO ခေါင်းဆောင်များသို့ လိပ်မူသော သမ္မတ၏ လက်မှတ်ထိုးပေးပို့သည့် စာတွင် “ကျနော်တို့အားလုံး တနိုင်ငံတည်းမှာ တရေထဲသောက် တမြေထဲနေကြသူ တိုင်းရင်းသားများဖြစ်ကြပြီး အယူအဆ ကွဲလွဲနိုင်တာကို ကျနော့်အနေနဲ့ နားလည်စာနာပါတယ်။  ပြည်ထောင်စုကြီးတခုလုံး ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကျနော့်အနေနဲ့ ရိုးသားစွာယုံကြည်ပါတယ်။” ဟု ရေးသားထားသည်။

ထို့အပြင် “ယခုစတင်ပြုလုပ်မယ့် ဆွေးနွေးပွဲများ အောင်မြင်ပါစေကြောင်း၊ ဆန္ဒပြုပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူလူထုသို့ အကြိမ်ကြိမ် အသိပေး တင်ပြထားပြီးဖြစ်ပါတယ်။” ဟု ဖော်ပြထားသည့်အပေါ်KIO ဘက်မှ ဝမ်းမြောက်စွာ ဖြင့်ကြိုဆို ကြောင်း ရေးသားထားသည်။

ယင်းအပေါ် KIO ဗဟိုကော်မတီမှလည်း စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း မိဘပြည်သူ ရဟန်းရှင်လူအများ သိရှိနိုင်ရန် ကြေငြာလိုက်ခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင် ၆ ဦး နှင့် KIO မှ အမြဲတန်း ဗဟိုကော်မတီဝင် ၅ ဦးအပါ၀င် ကရင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များဖက်မှ ရ ယောက်နှင့် တရုတ်သမ္မတနိုင်ငံမှ သံအမတ်ကြီးနှင့် သံမှူးတို့ပါ၀င်တက်ရောက်ကာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

လတ်တလော တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းတွင် ကချင်ပြည်နယ်တွင်း စစ်ရေးတင်းမာမှုများ အရှိန်လျော့ နည်းလာနေသော်လည်း အစိုးရတပ်များ ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်းသိရသည်။

သမ္မတမှ စစ်ရပ်ဆိုင်းထားကြောင်း ကြေငြာခဲ့ပြီးနောက် KIO ဗဟိုဌာနချုပ်လိုင်ဇာအနီး လဂျားယန် (Lajayang) နယ်မြေတွင် အစိုးရတပ်က ပြင်းထန်သည့် ထိုးစစ်များဆင်နွဲခဲ့ပြီး KIA တပ်စခန်းများကို သိမ်းပိုက်ခဲ့သည်။

လောလောဆယ်တွင် ထိုနေရာတဝိုက် တိုက်ပွဲများငြိမ်သက်နေသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ် လာနိုင်သည်ဟု KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) ပြောသည်။

“လိုင်ဇာမှာတော့ သူတို့ဖက်က လဂျားယန်အနီးတဝိုက် ထိုးစစ်မဆင်ဘူးလို့ ဦးသိန်းစိန်ပြောထားတယ် ဒါပဲရှိတယ်။ အခုသူတို့ရောက်နေတဲ့ နေရာမှာပဲ အခြေချနေကြတယ်။ အခုက ဘယ်အချိန်ထိဆိုတာ သတ်မှတ်ထားတာမရှိဘူး။ ဘယ်အချိန်လောက်ထိ ခံမယ်ဆိုတာ မပါဘူး။ အချိန်မသတ်မှတ်ဘူး ဆိုတော့ အဓိပ္ပါယ်ကအမျိုးမျိုးဖြစ်တယ်။” ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးမှုတွင် တင်းမာမှုလျှော့ချရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီးနောက် နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်နိုင်သော နေရာများသို့ ကြည့်ရှုစစ်ဆေးကာ ပြဿနာများကို ဆက်လက်ဖြေရှင်းနိုင်ရန် ဖေဖော်ဝါရီလ မကုန်မီ အသေးစိတ် ပြန်လည်ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရသည်။

Most read this week