အစိုးရတပ်ဖွဲ့များနှင့် KIA တပ်များထိပ်တိုက်ရင်ဆိုင်ခဲ့ရာ ပစ်ခတ်မှုမဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

အစိုးရတပ်ဖွဲ့များနှင့် KIA တပ်များထိပ်တိုက်ရင်ဆိုင်ခဲ့ရာ ပစ်ခတ်မှုမဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ  ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး လဒွဲ ဦးဆောင်သော KIA တပ်ခွဲ (၅) တပ်ဖွဲ့များနှင့် အင်အား ၁၀ ဦးခန့်ရှိသော အစိုးရတပ်ဖွဲ့တို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ဖားကန့်မှ မိုင်(၂၀) အကွာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

“သူတို့လည်း ကျနော်တို့နဲ့ မပစ်ချင်လို့ တောလမ်းကနေဖြတ်သွားနေတာ။ ကျနော်တို့လည်း သူတို့နဲ့ ပြဿနာမဖြစ်ချင်လို့ တောမှာ ရှောင်နေတာလေ။ အဲဒါကျနော်တို့နေတဲ့ နေရာမှာ သူတို့ ထိပ်တိုက်ရောက်လာတော့ အစိုးရဖက်က ‘နင်တို့ကို ပစ်ဖို့လာတာ မဟုတ်ဘူး။ ကျနော်တို့ တာဝန်အရ  လျှောက်သွားနေတာပဲ၊ မပစ်နဲ့ တွေ့ဆုံဆွေးနွေးရအောင်’ ဆိုပြီးအော်ပြောတယ်တဲ့။ အဲဒါနဲ့ တွေ့ကြပြီး ‘ညီအစ်ကိုချင်းပဲ ပစ်ခတ်နေရင် အဓ္ဓိပါယ်မရှိဘူး။ ဒီနေ့က စပြီး ပစ်ခတ်တာ မလုပ်တော့ဘူး။’ ဆိုပြီး သူတို့ဟာသူတို့ ဆွေးနွေးပြီးပြန်ကြတယ်တဲ့။ သူတို့ အထက်ကတော့ ကျနော်တို့နေတဲ့ နေရာတွေကို လိုက်စုံစမ်းခိုင်းတာနေမှာပေါ့။ အဲဒါ ထိပ်တိုက်တွေ့တော့ သူတို့လည်း မပစ်ချင် ကျနော်တို့ဘက်ကလည်း ရွာနဲ့နီးနေတော့ မပစ်နဲ့လို့ပြောလိုက်တာ။”

အဆိုပါအစိုးရတပ်ဖွဲ့များသည် ကယားပြည်နယ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၀၂ မှဖြစ်ပြီး အထက်အမိန့်အရ ရှေ့တန်းသို့ လှုပ်ရှားသွားလာနေသောကြောင့် ထမင်းကောင်းကောင်းမစားရသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် အစိုးရနှင့် KIO တို့၏ စစ်ပြေငြိမ်းရေးလုပ်ဆောင်ရန် သဘောတူညီချက်အရ လိုက်နာခြင်းဖြစ်သကဲ့သို့ KIA ဖက်မှလည်း ပြဿနာမဖြစ်ပွားစေသည့် လှုပ်ရှားမှုများရပ်ထားချိန် ထိုသို့ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း (၆) ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲပြောဆိုသည်။

သို့သော် အစိုးရတပ်များသည် ဖားကန့်နယ်မြေသို့ စစ်အင်အား အမြောက်အများ တိုးချထားခြင်းသည် KIA တပ်စခန်းများကို သိမ်းပိုက်ပြီး (KIO) အဖွဲ့၏ အခွန်အကောက်များကို ဖြတ်တောက်၍ ကျောက်စိမ်းကုမ္ပဏီ လုပ်ငန်းများကို အပိုင်သိမ်းပိုက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇော်ဒွဲက သုံးသပ်ပြောဆိုသည်။

“သူတို့က ဒီနေရာမှာ ဒီလောက်တပ်များများနဲ့ ဆိုတာက ကောင်းတဲ့အခြေအနေတော့ မဟုတ်ဘူးလေနော်။ သူတို့ အစီအစဉ်တွေ ကြားတာကတော့ ဒီမှော်နယ်မြေမှာ သူတို့အင်အား အများနဲ့ တက်လာပြီး တပ်တွေကို သိမ်းပိုက်လိုက်ပြီး ကျောက်စိမ်းပြန်တူးစားမယ် ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်နေတယ်ဆိုတာတော့ သူတို့အထဲမှာ နည်းနည်းတော့ ကြားမိတယ်။ နံပါတ် ၂ က ကျနော်တို့ KIO တွေကို ကုမ္ပဏီတွေနဲ့ နည်းနည်းတောင် ပတ်သက်လို့မရအောင် ကျနော်တို့ အပြင်ကို ရောက်သွားအောင် ဆိုတဲ့ အစဉ်အစဉ်တွေလည်း ပါတယ်တဲ့။”

ယခုချိန် အစိုးရတပ်ဖွဲ့တို့သည် ဖားကန့် ကျောက်စိမ်းမှော်များတွင် စွန့်ပစ်ကျောက်စိမ်းရိုင်းတုံး ကောက်နေသော (ရေမဆေးသမား) ပြည်သူများကိုလည်း ရမ်းတမ်းပစ်ခတ်နေကြောင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများ၏ ပစ္စည်းလုယူခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

“နေ့တိုင်းပစ်တယ် ထိတော့ မထိဘူး။ တံတိုင်တွေကိုင်ပြီး ဆိုင်ကယ်နဲ့သွားတဲ့ လူတွေဆီကလည်း ကျောက်စိမ်းတွေ့ရင် ကျောက်စိမ်းယူလိုက်၊ ရွှေလက်စွပ်စွပ်ရင် လက်စွပ်ချွတ်ယူ၊  နာရီပတ်ထားရင် နာရီယူပေး ပုံမှန်လုပ်နေတယ်။ အဲလိုမျိုးကနေ့တိုင်းလုပ်နေတယ်။” ဒေသခံတစ်ဦးက ပြောသည်။

ယခုချိန် ဖားကန့် KIA တပ်ရင်း( ၆) နယ်မြေတွင် အစိုးရဘက်မှ တပ်ရင်း( ၁၄) ခုဖြင့် တပ်ချလှုပ်ရှားနေ ကြောင်းသိရသည်။

Most read this week