၀ုိင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်း ဆေးဝါးပြတ်လပ်မှု အခက်အခဲ ရင်ဆိုင်နေရ

၀ုိင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်း ဆေးဝါးပြတ်လပ်မှု အခက်အခဲ ရင်ဆိုင်နေရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” (Za) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅၀ ခန့် ဖျားနာနေသလို ဆေးဝါးများ ပြတ်လပ်နေသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

ဖျားနာသူ အယောက် ၃၀ ခန့် ဆေးခန်းသို့ နေ့စဉ် ရောက်ရှိနေသော်လည်း ဆေးဝါး ပြတ်လပ်နေသဖြင့် ရောဂါနှင့် သက်ဆိုင်သည့် ဆေးများ မပေးနိုင်ဘဲ ရောဂါနှင့် နီးစပ်သည့် ဆေးများကိုသာ စပ်ပြီးပေးနေရကြောင်း စခန်းအတွင်း ကျမ်းမာရေးစောင့်ရှောက် ပေးနေသည့် ဆရာဝန် ယော်ထုံကပြောသည်။

၀ုိင်းမော်မြို့နယ် “ဇ” ဒုက္ခသည်စခန်း ဆေးဝါးပြတ်လပ်မှု အခက်အခဲ ရင်ဆိုင်နေရ

လွန်ခဲ့သည့် (၁) လခန့်က စတင်၍ ဆေးဝါးနှင့် သောက်သုံးရေများ လိုအပ်နေပြီး လောလောဆယ် အရေးပြား ရောဂါဖြစ်ပွားနေသူ ၁၀ ဦး၊ ဝမ်းပျက်ဝမ်း လျှောဖြစ်နေသူ ၄ ဦး၊ ငှက်ဖျားဖြစ်သူ ၄ ဦးနှင့် နှာစေးချောင်းဆိုး ဖြစ်နေသူ အယောက် ၃၀ ကျော် ရှိကြောင်း သိရသည်။ သို့သော် ယနေ့ချိန်ထိ သေဆုံးသူ မရှိသေးကြောင်း သိရသည်။

ယခုအချိန် ရာသီဥတု အပြောင်းအလဲ ကာလသို့ ရောက်ရှိလာသလို ၎င်းစခန်းအတွင်း ဖုံမှုန့် ထူထပ်ပြီး တကိုယ်ရည် သန့်ရှင်းမှု လိုအပ်ချက်ကြောင့် ရောဂါ အမျိုးမျိုးဖြစ်ပွား နေခြင်းဖြစ်သည်ဟု ကျမ်းမာရေးဌာနမှ ပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ အဆိုပါဒုက္ခသည် စခန်းသို့ ဆေးဝါးထောက်ပ့ံ ပေးနေသော်လည်း ၃ လမှ ၁ ကြိမ်သာ လာရောက်နိုင်သဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း Za  “ဇ” စခန်း ကျမ်းမာရေးဌာနမှ ဆရာဝန် ယော်ထုံ က KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ဆေးဝါတွေက KBC ကနေ ကူညီနေတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဆေးတွေကို မြစ်ကြီးနားကနေ ဝယ်ပြီးတော့ မန္တလေး-ကန်ပိုင်တီ လမ်းကနေ လာရတယ်။ ဆိုတော့ လမ်းမှာလည်း အစိုးရတပ်တွေက ရှိနေတော့ သူတို့လည်း များများဆေးတွေ မပို့နိုင်ဘူး။ အချိန်တွေကြာသွားတော့ ဆေးတွေက မလောက်ဘူးဖြစ်နေတယ်။” ဟု ပြောသည်။

ထို့အပြင် မိုးတွင်းကာလ မြစ်ချောင်းများမှ သောက်သုံးရေများကို ရေပိုက်များဖြင့် သွယ်၍ အသုံးပြုနိုင် သော်လည်း နွေရာသီ(နိုက်) မြစ်ချောင်းရေ ခမ်းခြောက်လာသည့်အတွက် ရေ အခက်အခဲ ဖြစ်လာကြောင်း ၎င်းက ဆက်ပြောသည်။

“ရေက အခုပွင့်လင်းရာသီဖြစ်လာတော့ နဂိုကယူနေတဲ့ ရေတွေက ခန်းသွားတော့ အခု ရေကြီးတဲ့ဘက် သွားယူရမယ်ဆိုလဲ ရေပိုက်က မလောက်တော့ အရမ်းခက်နေတယ်။”

“ဇ” ဒုက္ခသည်စခန်းတွင် လူဦးရေ ၂,၅၅၆ ဦး ခိုလုံလျက်ရှိပြီး ကူညီပေးသော အဖွဲ့ အစည်းများ လာရောက်ရန် လမ်းခရီး ကြမ်းသည့်အပြင် လုံခြုံရေး အခက်ခဲဖြစ်သည့် ဒေသဖြစ်သည်။

Most read this week