အစိုးရတပ်များ ကချင်ဒေသတွင်း စစ်ရေးလှုပ်ရှားနေဆဲ

အစိုးရတပ်များ ကချင်ဒေသတွင်း စစ်ရေးလှုပ်ရှားနေဆဲ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား စစ်ရေးတင်းမာမှုများလျှော့ချနိုင်ရေး အကောင်အထည်ဖော်ရန် တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ပြီးနောက် ကချင်ဒေသအတွင်း ပြင်းထန်သည့်တိုက်ပွဲများ မရှိသေးသော်လည်း အစိုးရတပ်ဖွဲ့ဖက်မှ စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

ယမန်နေ့ည ၉ နာရီမှ ယနေ့မနက် ၃ နာရီထိ လဝါယန်နှင့် လဂျားယန် တောင်ကုန်းတွင် နေရာယူထားသော အစိုးရတပ်ဖွဲ့့များက KIA ဌာနချုပ် လိုင်ဇာအနီး KIA တပ်စခန်းများဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“သူတို့ဘာသာ သူတို့ လျှောက်ပစ်နေတာ ဒီဘက်က (KIO)က ပြန်မပစ်ဘူး။ အထိအခိုက်လည်း မရှိဘူး။ အမြဲတမ်းပဲ ပစ်တာတော့ ပစ်နေတယ်။” ဟုပြောသည်။

လိုင်ဇာ (Laiza) သွားလမ်းပေါ်ရှိ နမ်ဆမ်ယန် (Nam San Yang) ဒေသ မိုင်ဆတ်ပါ (Maisak Pa) တွင်လည်း အစိုးရတပ်ဖွဲ့များမှ KIA တပ်ဖွဲ့များရှိရာသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ရှေ့တန်းမှ KIA အရာရှိတစ်ဦးကပြောသည်။

ထို့အတူ ရှမ်းပြည်မြောက်ပိုင်းရှိ တပ်မဟာ ၄ နယ်မြေများတွင်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်အင်အား တိုးချကာ စစ်ကြောင်း လှုပ်ရှားမှုရှိနေသည်ဟု သိရသည်။

အစိုးရတပ်မှ စစ်ကြောင်းများ လှုပ်ရှားနေပြီး မကြာခန လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့်   KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ တွေ့ဆုံမှုမှာ စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံမှု မဟုတ်သေးကြောင်း ဗိုလ်မှူးမင်းဌေးက အခုလို သုံးသပ် ပြောဆိုသည်။

“သူတို့ကတော့ နိုင်ငံတကာနဲ့ မြန်မာပြည်ထဲက လူထုတွေကို လိမ်ညာပြီး သူတို့လုပ်နေပြီ ဆိုတာ ကို ပြောနေတယ်လေ။ နိုင်ငံတကာမှာလည်း နိုင်ငံတကာအကြိုက်ပေါ့နော် ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးတွေကို သုံးပြီးတော့လုပ်နေတယ်။ ဒီနိုင်ငံတကာက တောင်းဆိုမှု တွေအရ ငြိမ်းချမ်းရေး တွေ လုပ်ကြတယ်လို့ပြော နေပေမယ့် သူတို့ အောက်ခြေတပ်တွေကို ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်က ညွန်ကြားထားတာလေ။ သူတို့လွှတ်တော် ထဲမှာတင် အမြစ်ပြုတ်ရေးတို့ အပြုတ် တိုက်ရေးတို့ ဆိုတဲ့ဟာတွေ ပေါ်လာတယ်ဆိုတာကို တွေ့ကတည်းက ဒီအစိုးရဟာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးတွေသုံးပြီး ဟန်လုပ်ပြတာဖြစ်တယ်။ တကယ်စစ်မှန်တဲ့ တွေ့ဆုံမှု သူတို့လုပ်လိုတဲ့ စိတ်ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေကို လက်နက်အားနဲ့ဖြည့်ပြီးမှ အပေါ်စီးကနေ စကားပြောမယ် ဆိုတဲ့ပုံစံမျိုးကို သူတို့လုပ်နေတာ။”

ထို့အပြင် နှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန် အစိုးရနှင့် KIO အကြား ဆွေးနွေးမှုများ၌ နိုင်ငံတကာမှ သက်သေအဖြစ် ထားရှိပြီး ဆက်လက် ဆွေးနွေးသွားမှသာ ပို၍အောင်မြင်မည်ဟု မျှော်လင့်ကြောင်း ဆက်လက် ပြောဆိုသည်။

“တခြားနိုင်ငံတွေကလည်း ကြားနာတဲ့ ပုံစံမျိုး သက်သေအနေနဲ့ ပါပြီးမှ တွေ့ဆုံရင်တော့ ကောင်းတယ်။ နိုင်ငံတကာရှေ့မှာ စကားပြောရရင်တော့ လိမ်လို့မရတော့ဘူးပေါ့နော်။ ကမ္ဘာ ကလည်း အားလုံးက ဒီစစ်ဖြစ်တာကို လိုချင်ကြတာမဟုတ်ဘူး။ လိုလားကြတာမဟုတ်ဘူး။ အားလုံးက တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ငြိမ်းငြိမ်းချမ်ချမ်းနဲ့ပဲ သွားချင်ကြတယ်ဆိုတော့ ပြည်သူ လူထု အပါအဝင် နိုင်ငံတကာကလည်း တောင်းဆိုမယ် ဆိုရင်တော့ သူတို့ မလုပ်ချင်လည်း လုပ်ရမယ့် အခြေအနေမျိုးပေါ့နော်။ အဲဒီအနေအထားမျိုးဆိုတော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အဲဒါမှမဟုတ်ဘူး သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ  အောက်ထဲကို ဆွေးနွေးပြီးမှ သူတို့လိုချင်တဲ့  ပုံစံမျိုး ဒီလက်နက်ဖြုတ်သိမ်းပြီးမှ တစ်ဖက်သတ်အပေါ်စီးကနေ စကားပြောမယ်ဆိုရင်တော့ အခုပြောနေတဲ့ တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းအဖြေရှာမှု ဆိုတာက ဖြစ်လာမယ်မထင်ဘူး။” ဟု ဗိုလ်မှူးမင်းဌေးက ကချင်သတင်းဌာနသို့ သုံးသပ်ပြောဆိုသည်။

လောလောဆယ်တွင် ကချင်ပြည်နယ်တွင်း အစိုးရစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ဆက်လက် မြင်တွေ့နေရဆဲဖြစ်သလို ဖေဖေါ်ဝါရီလ ရ ရက် မှစ၍ ယနေ့ထိ မြစ်ကြီးနားမြို့လေတပ်မှ အစိုးရ စစ်လေယာဉ် ၄ စင်း ပန်ဝါဘက်သို့ သွားလာမှုပြုလုပ်နေကြောင်း မြစ်ကြီးနား ဒေသခံများက ပြောသည်။

“ဒီနေ့ ၁၁ နာရီမှာတော့ စစ်လေယာဉ် တစ်စီးထွက်တယ်။ မနေ့ကတော့ ၃ စီးဟုတ်တယ်။ စစ်တိုက်လေယာဉ် ၁ စီး လူတင်တဲ့ဟာမျိုး ၂ စီးဟုတ်တယ်။” ဟု မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီလ ၄ရက်နေ့က တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမခဲ့ပြီး ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော် နိုင်ရန် ပဋိပက္ခ ဖြစ်ပွားသောနေရာများကို လေ့လာစောင့်ကြည့်သည့် စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး သဘောတူခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲအပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုလိုက်ပြီး ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ လျှော့ကျစေရေးနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ပြီး အခြေအနေပိုမို တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most read this week