အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ

အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ဟူးဖြတ်- ကတုန်ခဆန် (Kadung Hka San) ရွာအနီး အစိုးရခြေလျင်တပ်ရင်း ခလရ (၂၄၁) နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) ကြား ယမန်နေ့ ညနေ ၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

၎င်းအစိုးရတပ်များသည် နန့်ဖတ်ကာ အခြေစိုက်တပ်များဖြစ်ပြီး အင်အား ၈၀ ကျော်ဖြင့် KIA တပ်ရင်း (၉) နယ်မြေသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဘက်တပ်မှ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မဟာ (၄)မှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်များသည် လမ်းမကြီးဘက်သို့ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

နှစ်ဘက်တပ်မှ ပစ်ခတ်တိုက်ခိုက်မှုတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ထိခိုက်မှုမရှိဟု ပြောဆိုပြီး အစိုးရတပ်မှ ထိခိုက်မှုဒဏ်ရာရရှိမှုကို မသိရပါ။

ယခုချိန် တပ်မဟာ (၄) နယ်မြေတွင် အစိုးရတပ်ပေါင်းစုအဖွဲ့မှ အင်အား ၁၀၀၀ ကျော် တိုးချ၍ ထိုးစစ်ဆင် လှုပ်ရှားနေကြောင်း တပ်မဟာ (၄) အရာရှိက ပြောသည်။

ယမန်နေ့ည ၈ နာရီအချိန်ကလည်း လုံရောက်ဘွမ် (Lung Rawk Bum)၊ ဘွမ်ဆောန်ကောင် (Bum Sawn Kawng)၊ ရိခူးကောင် (Yi Hku Kawng)ဘက်မှ အစိုးရတပ်များသည် (KIA)ရှိရာ လဝါယန်သို့  ၅ မိနစ်ခန့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းရှေ့တန်းမှ ကချင်သတင်းဌာနသို့ပြောသည်။

အစိုးရတပ်သည် A-Gun နှင့် ဂေါ်လီလောက် (စက်သေနတ် အလတ်စား)များဖြင့် (KIA) တပ်ဖွဲ့များရှိရာ နေရာများသို့ ပစ်ခတ်မှုများပြုနေသော်လည်း KIA ဘက်မှ ပြန်လည် ပစ်ခတ်ခြင်းမရှိကြောင်းသိရသည်။

အစိုးရတပ်များသည် ယခုချိန် KIA တပ်မဟာ (၅) အနီးရှိ လိုင်ဇာမှ ဌာနချုပ်ဟောင်း လိုင်စင် (Laisin) သို့ သွားသည့် KIA ကားများကို ပစ်ခတ်တိုက်ခိုက်နေသလို
(KIA) ဌာနချုပ်နယ်မြေ လိုင်ဇာရှိ KIA ၏ အရေးကြီး လုံခြံုရေး တပ်စခန်းများကို သိမ်းပိုက်ပြီးနောက်ပိုင်း၌ နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်းသိရသည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့ ဖေဖဝါရီလ ၄ ရက်နေ့က တရုတ်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့စဉ် ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး သဘောတူညီခဲ့သည်။

Most read this week