အစိုးရနဲ့ KIO ငြိမ်းချမ်းရေး တည်ဆောက်မှုလမ်းစဉ် အဟန့်အတားဖြစ်နေဆဲဟု KIO ပြော

အစိုးရနဲ့ KIO ငြိမ်းချမ်းရေး တည်ဆောက်မှုလမ်းစဉ် အဟန့်အတားဖြစ်နေဆဲဟု KIO ပြော
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့ စစ်ရေးတင်းမာမှု ပြေငြိမ်းနိုင်ရေး နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း လက်တွေ့ အနေအထားအရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည့် လမ်းစဉ်အတွက် အဟန့်အတားဖြစ်နေသေးကြောင်း KIO ပြောသည်။

ဗဖဖေါ်ဝါရီ ၄ ရက် မြန်မာ-KIO တရုတ်ပြည် ရွှေလီအစည်းဝေးမှာ ကချင်အဖွဲ့ ခေါင်းဆောင် ဦး Sumlut Gam မှ ဆွေးနွေးနေပုံ။

KIO ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ တရုတ်ပြည် ရွှေလီမြို့တွင် ယမန်နေ့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့စဉ် ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင် အထည် ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစံနစ် ပေါ်ပေါက်လာရေး ဆက်လက် သဘောတူညီခဲ့ကြသည်။

သို့သော် ၄င်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို သွားနေစဉ် ရှေ့တန်းစစ်မျက်နှာတွင် အစိုးရ တပ်ဖွဲ့၏ ထိုးစစ်ဆင်မှုများ ပုံမှန်လှုပ်ရှားနေခြင်းသည် စစ်ပြေငြိမ်းရေး အလျင်အမြန် အကောင်ထည် ဖော်ရေး ကိစ္စအတွက် အဓိက အဟန့်အတား ဖြစ်ကြောင်း KIO ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) က ပြောသည်။

“သူတို့က အခုလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ လုပ်နေပေမဲ့ ပစ်တာတွေရှိသေးတယ်လေ။ ဦးသိန်းစိန်က လဂျားယန် နယ်မြေမှာ သူတို့ ထိုးစစ်မလုပ်ဘူး ရပ်ထားတယ်ဆိုတာကို ပြောထားတယ်။ ဒါပေမဲ့ အဲဒီဖက်မှာတောင် တခါတလေ အမြှောက်တွေ ပစ်နေတယ်။ သူတို့က ရပ်ထားတယ်ပဲပြောတာ ဘယ်ရက်ထိဆိုပြီး ဆုံးဖြတ်ထားတာမရှိဘူး။ ဘယ်လောက်ခံနိုင်မယ်ဆိုတာတွေမပါဘူး။ အဲဒါကြောင့် အဓိပ္ပါယ်က အမျိုးမျိုးဖြစ်နေတယ်လေ။ တခြား ဖားကန့်တို့ ပန်ဝါတို့ မိုင်ဂျာယန်ဖက်တွေမှာလည်း ပစ်ခတ်နေသေးတယ်။ အိမ်တွေကိုလည်း မီးရှို့တာတွေလုပ်နေတယ်။” ဟု ဦးဆွမ်လွတ်ဂမ်က KNG ကချင်သတင်းဌာနသို့ ပြောသည်။

၄င်းဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းထားရှိရေးနှင့် နှစ်ဖက်စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေးကို ညှိနှိုင်းခဲ့သည့်အပြင် လာမည့်အချိန်တွင် ဆက်လက်ဆွေးနွေးရေးနှင့် သက်သေအဖြစ် ပါ၀င်နိုင်မည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ရေး ဆွေးနွေးခဲ့ကြသည်ဟု ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့သည်။

အစိုးရတပ်နှင့် KIO ကြား နှစ်ဖက်တပ်များ ပဋိပက္ခဖြစ်ပွားနိုင်သည့် နေရာများအား ညှိနှိုင်း၍ တိုက်ပွဲများ လျှော့ချရေးကို ယခင် တွေ့ဆုံဆွေးနွေးစဉ်ကတည်းက သဘောတူညီမှု ရခဲ့ပြီး ထုတ်ပြန်ကြေငြာမှုများ ရှိခဲ့သည်။ သို့သော် အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို ယခုနှစ်ဆန်းပိုင်းက KIO ဌာနချုပ်နယ်မြေရှိ ခြေကုတ်စခန်းများကို အစိုးရတပ်မှ ပြင်းထန်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး ယခု တင်းမာမှု လျှော့ချရေးကိစ္စ ပြန်လည်သဘောတူခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် နှစ်ဖက်တွေ့ဆုံရေးကိစ္စအား KIO ဖက်က ပြင်ဆင်မှုမရှိသေးချိန် တရုတ်အစိုးရ၏ ဖိတ်ခေါ်မှုကြောင့် အလွတ်သဘော သွားရောက် တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်ဟု ဦးဆွမ်လွတ်ဂမ်က ပြောသည်။

“ကျနော်တို့က အစီအစဉ်မရှိဘူး။ တရုတ်ဖက်က ဦးအောင်မင်း တက်လာတယ်ဆိုပြီး ခေါ်တယ်။ အဲဒါကြောင့် ကမန်းကတန်းလာခဲ့တာ။ အရေးကြီးတဲ့ ကိစ္စတွေဘာမှ မဆွေးနွေးဘူး။ ဒီလမကုန်ခင် ပြန်တွေ့မယ်။ နောက်တခါ ဘယ်လိုပြန်ဆွေးနွေးမယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ဆွေးနွေးမှု ရယူတဲ့အဆင့် ပါပဲ။ နောက်တခါမှ UNFC အဖွဲ့အနေနဲ့ အရင်ဆွေးနွေးပြီးမှ ပြန်ဆွေးနွေးမယ်ဆိုတာတွေပဲ အဲဒီအချိန်မှ သူတို့ စစ်တပ်တွေ ကျနော်တို့ KIA တပ်တွေနဲ့ အရမ်းနီးတဲ့နေရာတွေမှာ ပဋိပက္ခဖြစ်တယ်။ အဲဒါတွေကို လိုက်ကြည့်ပြီး။ ဘယ်သူက ဘယ်လိုရွှေ့ရင်ကောင်းမယ် ဆိုတာတွေကို လိုက်စစ်ဆေးမယ်။ လိုက်ကြည့်ပြီး ဖြေရှင်းသွားမယ်။” ဟု ဆိုသည်။

စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်ရေး သဘောတူညီချက် ရရှိထားချိန် တဖက်မှာ KIA တပ်ရင်း (၆) နယ်မြေ ဖားကန့်ဖက်တွင် KIA ရှိမည်ဟု ယူဆထားသောနေရာများသို့ အစိုးရတပ်က လက်နက်များဖြင့် ပစ်ခတ်နေပြီး ကျောက်စိမ်းထွက်ရာ မော်ဆီဆာ၊ ကသေမှော်၊ မာဆာမှော် နေရာများတွင် လည်း စွန့်ပစ်ကျောက်စိမ်းရိုင်းတုံးကောက်နေသော (ရေမဆေးသမား) ပြည်သူများကိုရမ်းတန်းပစ်ခတ်နေ ခြင်းကြောင့် ပြည်သူလူထု စိုးရိမ်ကြောက်လန့်နေကြောင်း KIA တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောသည်။

“ဒီမနက်လည်း ၆ နာရီကနေ အခုထိ ပစ်နေတယ်။ ရေမဆေးကောက်တဲ့လူတွေကို လိုက်ပစ်နေတာ။ မနေ့ကလည်း ညနေထိ လိုက်ပစ်နေတယ်။ သူတို့က လူရှိတာတွေ့ရင်လိုက်ပစ်ပြီ။ ထိခိုက်တာတော့ မကြားသေးဘူး။” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

အစိုးရ တပ်ဖွဲ့များသည် ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း (၆) တပ်ခွဲ (၉)၏ ညောင်ထောက်စခန်း၊ တပ်ခွဲ (၂) ၏ လိုင်ဆိုင်းစခန်းနှင့် တိုက်နယ်ရုံး၊ ဟောင်ပါးတိုက်နယ် အုပ်ချုပ်ရေးရုံး တို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

KIO ဌာနချုပ်အနီး လဂျားယန်နယ်မြေတွင် ထိုးစစ်ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ဇန်နဝါရီလ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြီး နောက်နေ့မှစ၍ ကျောက်စိမ်းမှော်ရှိရာ ဖားကန့်နယ်မြေ ဖက်သို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာပြီး ဇန်နဝါရီလ ၃ ရက်နေ့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA တပ်ရင်းအချို့ လက်လွတ်ခဲ့ရပြီး အစိုးရမှမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗိုလ်မှူးကြီး ဇော်ဒွဲကပြောသည်။

ယမန်နေ့ည ၁ နာရီကလည်း KIO ဌာနချုပ် လိုင်ဇာအနီးရှိ လဝါယန်တပ်စခန်းသို့ မန်ဆိုင်း အစိုးရတပ်စခန်းမှ ၁၀၅ မမနှင့် ၂ ကြိမ်ပစ်ခတ်ပြီး လကန်းဘွမ် အစိုးရတပ်စခန်းမှ ၈၁ မမ နှင့် ၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း လိုင်ဇာ KIA အရာရှိများပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့  ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသောကြောင့် တွေ့ဆုံမှုခေတ္တရပ်ဆိုင်းထားခဲ့ရာမှ  ယမန်နေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ပြန်လည်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုဆွေးနွေးပွဲတွင် ထူးခြားသည်မှာ တရုတ်အစိုးရ နိုင်ငံခြားဆက်ဆံရေးရုံးမှ သံအမတ်ကြီး Mr. Luo Zhaohui၊ သံမှူး Mr. Wang Zongying တို့မှ လေ့လာသူများအဖြစ်ပါ၀င်ခဲ့ပြီး သက်သေအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS-SSA မှ ဗိုလ်မှူးချုပ် စိုင်းလူး၊ ဗိုလ်မှူးကြီး စွဝ်မိန်း၊ ဗိုလ်ကြီးစိုင်းကမ်၊ ချင်းအမျိုးသား တပ်ဦး CNF တို့မှ Victor Biak Lian၊ မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ တို့ တက်ရောက်ခဲ့ကြသည်။

KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဒုတိယဗိုလ်မှူးကြီး လဖိုင်လ၊ ဒုတိယဗိုလ်မှူးကြီး ဖုန်ဂမ်ခွန်နော်နှင့် ဦးလဖိုင်ခွန်နော်တို့ဖြစ်ပြီး အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဒေါက််တာကျော်ရင်လှိုင်၊ ဒေါက်တာမင်းဇော်ဦး တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Most read this week