ရှမ်းပြည်မြောက်ပိုင်း KIO တပ်ရှိရာနယ်မြေသို့ အစိုးရတပ် အင်အားတိုးချ

ရှမ်းပြည်မြောက်ပိုင်း KIO တပ်ရှိရာနယ်မြေသို့ အစိုးရတပ် အင်အားတိုးချ
by -
ကချင်သတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည် လွပ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေတွင် လောလောဆယ် ပစ်ခတ်တိုက်ခိုက်မှုများ မရှိသေးသော်လည်း အစိုးရစစ်တပ်ဖက်မှ စစ်အင်အားများ တိုးချဲ့နေကြောင်း အရာရှိများပြောသည်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ သိမ်းဆီးရရှိတဲ့ လက်နက်များ။

အစိုးရ ခြေလျင်တပ်ရင်း ခရလ (၁၃၆)မှ အင်အား ၁၀၀ ကျော်ဖြင့် မုန်ဂျီ (Mung Ji) ကျေးရွာသို့ ယမန်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်မဟာ(၄) အရာရှိက ကချင်သတင်းဌာန KNG  သို့ပြောသည်။

ယမန်နေ့က (KIA) တပ်ရင်း (၂) နယ်မြေ မုန်ဂျီ-မုန်းပေါ် (Mung Paw) ဒေသတွင် KIA လက်အောက်ခံ MHH ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အစိုးရတပ် အင်အား ၈၀ ခန့်တို့ မိနစ်၂၀ ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် လားရှိုးဖက်မှ စစ်ထရပ်ကား ၄ စင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

တချိန်တည်းတွင် အစိုးရနှင့် KIA ကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ်အတွင်း ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် KIA မှ ရှေ့တန်းကို ညွှန်ကြားထားကြောင်းသိရသည်။

လောလောဆယ် အစိုးရတပ်မှ တိုက်ခိုက်လာခြင်းမရှိသေးသော်လည်း MHH တပ်ခွဲ (၅)နှင့် အနီးဆုံးနေရာ တွင် အင်အား ၂၀၀ ကျော် တိုးချထားသောကြောင့် ဆက်လက်၍ အခြေအနေ တင်းမာလာနိုင်ကြောင်း KIA အရာရှိက သုံးသပ် ပြောဆိုသည်။

“ပစ်ခတ်မှုကဖြစ်လာ မှာဘဲလေ။ သူတို့ဘက်က မပစ်တော့ဘူးဆိုရင် ဒီလို စစ်အင် အားတွေဖြည့်လာ မှာမဟုတ်ဘူးလေ။ တပ်တွေ အားလုံး ရုပ်သိမ်းသွားမှာလေ အခုက အင်အားက ဖြည့်နေတယ်ဆိုတော့ တိုက်ပွဲတွေဖြစ်လာမှာဘဲလို့ထင်တယ်။” ဟု ကချင်သတင်းဌာန KNG သို့ ပြောသည်။

လောလောဆယ်တွင် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) နယ်မြေ၌ အစိုးရတပ်ပေါင်းစု စစ်အင်အား ၁၀၀၀ ကျော် ထိုးစစ်ဆင် လှုပ်ရှားနေကြောင်း အရာရှိများပြောသည်။

အလားတူ ဗန်းမော်-လွယ်ဂျယ်လမ်းတွင်လည်း အစိုးရတပ်မှ စစ်အင်အား ၁၀၀၀ ကျော်ရှိနေကြောင်း လွယ်ဂျေဒေသခံများပြောသည်။

အစိုးရတပ်နှင့် KIA တို့ ခိုင်မာသောစစ်ပြေငြိမ်းရေး အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန်အတွက် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့်သည့် စံနစ်ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေးကြရန် ယနေ့ သဘောတူညီခဲ့ခြင်းသော်လည်း တဖက်တွင် အစိုးရတပ်မှ စစ်အင်အား ဆက်လက်တိုးချ၍ စစ်ရေးလှုပ်ရှားနေခြင်းဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

Most read this week