အစိုးရထိုးစစ်ရပ်လျင် KIA လည်းဆက်လက် လှုပ်ရှားမည်မဟုတ်

အစိုးရထိုးစစ်ရပ်လျင် KIA လည်းဆက်လက် လှုပ်ရှားမည်မဟုတ်
by -
ကချင်သတင်းဌာန

မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နွှဲခြင်းများအား ရပ်ဆိုင်းပါက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လည်း ပြဿနာဖြစ်ပွားနိုင်မည့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည်မဟုတ်ဟု KIO ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

KIO သည် နိုင်ငံရေးပြဿနာကို ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း အစဉ်ပြောဆိုခဲ့ သည့်အတိုင်း လိုအပ်သောဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

သို့သော် KIO သည် ဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းကာ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပါသော်လည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ  KIO အား တဘက်သက် အပြစ်ပုံချထားခြင်းကိုတွေ့ရပြီး “တစ်ဘက် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော်အစိုးရမှ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့ခြင်း” ဟုဖော်ပြခဲ့သည့်အပေါ် မမှန်ကန်သော သတင်းထုတ်ပြန်ချက် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထို့ပြင် စစ်မှန်သောငြိမ်းချမ်းရေးအတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများ၊ နိုင်ငံများအားကူညီဆောင် ရွက် ပေးနိုင်ရန် အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်းပါရှိသည်။

KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ဗိုလ်မှူးကြီး ဝေါ့ခရုန်း လဖိုင်ဆင်ဝါး၊ ဗိုလ်မှူးကြီး ဂေါ့လူလအောင် တို့သည် ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့နှင့် ဂျပန်နိုင်ငံ လွှတ်တော်အမတ် များ သည် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုင်ငံရေးနှင့်ဆိုင်သောတွေ့ဆုံဆွေးနွေးမှု တခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုချိန်တွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်ကြား တိုက်ပွဲများသည် ကချင်ပြည်နယ် တပ်မဟာ (၆) နယ်မြေ ဖားကန့်ဒေသတွင်ဖြစ်ပွားနေပြီး တပ်မဟာ(၁)နယ်မြေ ပန်ဝါဒေသနှင့် KIA တပ်ချထားသော နယ်မြေများတွင် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

မကြာသေးခင်က အစိုးရတပ်မှ ပြင်းထန်စွာတိုက်ခိုက်သိမ်းပိုက်ထားသည့် KIA ဗဟိုဌာနချုပ် ခြေကုတ်စခန်း များ ရှိရာ လိုင်ဇာနယ်မြေတွင်လည်း လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အစိုးရတပ်ဖက်မှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေဆဲဖြစ်ကြောင်း တပ်မဟာ(၅)မှ အရာရှိတစ်ဦးပြောသည်။

“၆၀ မမ နဲ့ သူတို့ ပစ်ချင်တဲ့အချိန်မှာ ပစ်နေတယ်။ ခယာဘွမ် (Hka Ya Bum) ပတ်ဝန်းကျင်မှာပေါ့။ ဒီမနက်တော့ ၂ ကြိမ်လောက် ပစ်တယ်။ ကျနော်တို့က သူတို့ ထိုးစစ်လာရင်တော့ ပစ်မှာဘဲ။ တစ်နေ့ အနည်းဆုံး ၃၊ ၄ ကြိမ်ပေါ့။ သူတို့ ပစ်ချိန်တဲ့ချိန်ပစ်တာ။” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ KIO သည် ထုတ်ပြန်ကြေငြာခြင်းမပြုသည်မှာ “မလိုလားအပ်သော သဘော ထားတင်းမာမှုများကို ရှောင်လွဲလိုသောကြောင်း” ဖြစ်သည် ထုတ်ကြေညာချက်တွင် ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ နယ်မြေတဝိုက်မှ KIA ၏ အမာခံ ခံစစ်စခန်း များအားလုံးကို အစိုးရစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးပြဿနာများကို ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်ကြောင်း KIO ပြောဆိုသည်။

Most read this week